CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

နိုင်ငံတစ်ဝန်း မိုးရာသီ စိုက်ပျိုးစရိတ် တစ်ဧက ချေးငွေအပေါ်တွင် အာမခံ ၁ ရာခိုင်နှုန်း ထားရှိခြင်းကို လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိနေပြီး ထိုအာမခံစနစ်သည် အငြင်းပွား ဖွယ် ဖြစ်လာနိုင်သည်ဟု တောင်သူများက ပြောသည်။

တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေဘဏ်မှ တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးရန် သတ်မှတ်ထားပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက စိုက်ပျိုးရေးစရိတ်များ ပြန်လည်မပေးဆပ်နိုင် ချိန်တွင် ဘဏ်မှ ပြန်လည်လျော်ကြေး ပေးနိုင်ရန်အတွက် ရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ရာသီဥတုကြောင့် သီးနှံများ ပျက်စီးသွားချိန်တွင် လျော်ကြေး ပေးဆောင်ရာ၌ အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဆုံးဖြတ်ပေးသည့် အဖွဲ့အစည်းများက ဘက်လိုက်မှုမရှိရန် လိုအပ်သည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ ချေးငွေထုတ်ပေးနေစဉ်

၎င်းက “သူက ဥပမာဆိုပါတော့ မိုးရေချိန်လက်မနဲ့ တစ်နှစ်လုံး မိုးရေချိန်လက်မနဲ့ ဥပမာ ဇူလိုင်လ တစ်လထဲမှာပဲ မိုးရေချိန်လက်မက ရွာသွန်းမြဲ မဟုတ်ဘဲနဲ့ ရွာသွန်းမြဲထက် ပိုသွားမယ်ဆိုရင်လည်း အဲဒီလမှာ ပိုသွားပြီးတော့ ဇူလိုင်လမှာ နည်းသွားရင်လည်း တစ်နှစ်လုံးရဲ့ မိုးရေချိန်လက်မက အလွန်မကွာဘူး။ ဒါပေမယ့် ၁ လထဲမှာ စုရွာ တာရယ်၊ ရေကြီးလို့ မရတဲ့ရာသီမှာ ရေကြီးအောင် ရွာတာရယ် အဲဒါမျိုးကျရင် ဆုံးဖြတ်ရတာတွေက ဘယ်လို လူတွေနဲ့ ဘယ်လိုဆုံးဖြတ်ကြမလဲ အဲဒါတွေက အများကြီး ကွာခြားပါလိမ့်မယ်။ အဲဒီတော့ ၁ ရာခိုင်နှုန်းဖြစ်ဖြစ် မဖြစ်လောက်ဘူးဆိုပေမယ့်လည်း ဒါက အလုပ်သဘောလေ။ တစ်နိုင်ငံလုံးနဲ့ စာလိုက်ရင်တော့ အများကြီး ဖြစ်သွားမှာပေါ့။ အဲဒါတွေက အန်ကယ်တို့လည်း သေသေချာချာ မသိသေးပါဘူး။ ဒါပေမယ့် အန်ကယ်တို့ သဘော ပေါက်တာတော့ သီးနှံအာမခံ ရာသီဥတုအတွက် အာမခံစနစ်ဟာ နည်းနည်းတော့ အငြင်းပွားဖွယ်၊ ဆုံးဖြတ်တဲ့ နေရာတွေမှာ ဆုံးဖြတ်ရမယ့် အဖွဲ့အစည်းတွေက ဘက်လိုက်အဖွဲ့တွေ ဖြစ်သွားရင်လည်း မကောင်းပါဘူးလို့” ဟု ပြောသည်။

သီးနှံအာမခံစနစ်အစား တောင်သူလယ်သမားများ ကာကွယ်ပေးရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင် ပါဝင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လယ်ယာမြေအတွက် တောင်သူများအား နိုင်ငံတော် မှ ထောက်ပံ့ကြေးပေးရန် သို့မဟုတ် ချေးငွေထပ်မံ ထုတ်ချေးပေးရန် စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ပေး မည်ဆိုပါက ပို၍ အကျိုးရှိမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

ယခုဖော်ဆောင်နေသည့် သီးနှံအာမခံစနစ်သည် တောင်သူများ ဆုံးရှုံးမှု အမြောက်အများ မဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ထက် သီးနှံအာမခံ လုပ်ဆောင်မည့် ကုမ္ပဏီများအတွက် အကျိုးအမြတ် ဖော်ဆောင်ပေးသော အခြေအနေသို့ ရောက်ရှိသွားမည်ကို စိုးရိမ်ကြောင်း ဦးသိန်းအောင်က ဆက်ပြောသည်။

၎င်းက “သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားရင် နိုင်ငံတော်ကနေပြီးတော့ ပျက်စီးသွားတဲ့ လယ်ယာမြေ တွေအတွက် တောင်သူများအား ထောက်ပံ့ကြေးပေးရန်ဆိုပြီးတော့ တောင်သူလယ်သမားများ ကာကွယ်ပေးရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ၂၀၁၃ တုန်းက ရေးဆွဲပြီး ပြဋ္ဌာန်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့က။ အဲဒီဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမယ့် ဒါကို ထိုက်သင့်တဲ့ တကယ် အမှန်အကန် ပျက်စီးရင် ပျက်စီးတဲ့ အတိုင်း အတာ တစ်ခုပေါ့ကွာ နောက်ဆုံး မျိုးဖိုး၊ မြေဩဇာဖိုး၊ မြေဩဇာ မထည့်ရရင်လည်း ထွန်ယက်ခ ဘာညာလောက် ပေါ့ကွာ အခုချေးငွေလောက်ကို ဥပမာ ၁ ဧက ၁ သိန်းခွဲလောက် ချေးတယ်။ နောက်ဆုံးအဆင့် သဘာဝဘေး ကြောင့် ပျက်စီးသွားရင် အဲဒီ ၁ သိန်းခွဲ ထပ်ထုတ်ချေးပေးရင်လည်း တော်ပါပြီလို့။ ဒီလောက်ဆိုရင် ဒီသီးနှံအာမခံ လုပ်ငန်းက သီးနှံအတွက် တောင်သူတွေ နစ်နာဆုံးရှုံးမှု အရှုံးမများအောင်ဆိုတဲ့ ရည်ရွယ်ချက်ကနေပြီးတော့ နောက်ဆုံး သီးနှံအာမခံ လုပ်မယ့်ကုမ္ပဏီတွေအတွက် အကျိုးအမြတ် လုပ်ငန်းတစ်ခုအဖြစ်နဲ့ ဖော်ဆောင်ပေးတဲ့ ဘက်ကို တိမ်းသွားမှာ စိုးတယ်လို့” ဟု ပြောသည်။

စိုက်ပျိုးရေးတောင်သူများကိုတွေ့ရစဉ်

သီးနှံအာမခံစနစ်နှင့် ပတ်သက်၍ လက်ရှိတွင် တောင်သူများအနေဖြင့် သေချာစွာ သိရှိထားခြင်း မရှိသေးကြောင်း၊ ထို့နောက် ကာယကံရှင် တောင်သူများကိုယ်တိုင် သဘောတူ ကျေနပ်သည့် စနစ်ဖြစ်ရန် လိုအပ်ကြောင်း၊ အတင်း အဓမ္မ လုပ်ဆောင်ရမည့်စနစ်မျိုး မဖြစ်စေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးစိုးခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဥပမာ ၁ ဧကကို ၁ သိန်းခွဲ ချေးပေးရင် ၁ ရာခိုင်နှုန်းဆိုတော့ ၁၅၀၀ နဲ့ သီးနှံအာမခံ ထားရမှာလား။ အဲဒီ ၁၅၀၀ က ရာသီဥတုကြောင့် ရေမြှုပ်သွားတဲ့နေရာကို ၁ ဧကကို ဘယ်နှုန်း၊ ဘယ်လိုပြန်ပြီး ပေးမှာလဲ။ နောက်ပြီး တော့ အာမခံထားတယ်ဆိုတာ ဘယ်သူပဲဖြစ်ဖြစ် ကာယကံရှင်က သဘောတူကျေနပ်၊ အားကိုးအားထားပြုပြီး တော့ ထားမှထားခွင့်ရှိတဲ့ အလုပ်မျိုးပဲ ဖြစ်စေချင်တာပေါ့။ ကာယကံရှင်က ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ အာမခံ ထားရမယ်ဆိုတဲ့ အတင်းအဓမ္မ စနစ်မျိုးတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

မြန်မာ့အာမခံ လုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံ အာမခံ ဆောင်ရွက်ခြင်းကို ပြီးခဲ့သည့် ဆောင်းရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးချိန်တွင် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ယခု မိုးရာသီ  စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။