CNI International News

ဘေကျင်း၊ မေလ ၂၀ 

တရုတ်သည် ကုန်ထုတ်လုပ်မှုကဏ္ဍအား ပိုမိုမြှင့်တင်နေသဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေး ထိပ်တိုက်တွေ့မှု တွင် နစ်နာထိခိုက်စေမည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ပြည်တွင်း ဝယ်လိုအားကို တိုးမြှင့်ရန် အရဲစွန့် လုပ်ဆောင်နေသည်ဟု Bloomberg မှ ဖော်ပြခဲ့သည်။

ဧပြီလအတွင်း တရုတ်၏ စားသုံးသူကဏ္ဍ သုံးစွဲမှုသည် ၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အပြောင်းအလဲ မရှိခဲ့ပေ။

ထိုနှုန်းထားသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အရှိန်အဟုန် အနှေးကွေးဆုံးဖြစ်ခဲ့ပြီး စက်မှုထုတ်ကုန်ကဏ္ဍသည် ပြီးခဲ့သည့် လက်ထက် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အမျိုးသား စာရင်းဇယားဗျူရိုမှ မေလ ၁၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။

တရုတ် ထုတ်ကုန်လုပ်ငန်းကို တွေ့ရစဉ်

တရုတ်သည် ပို့ကုန်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်ခြင်းဖြင့် ဟန်ချက်ညီမှု မရှိသည့် စီးပွားရေး နာလန် ထူမှုကို ပြုလုပ်နေသဖြင့် အမေရိကန်၊ ဥရောပနှင့် ကုန်သွယ်ရေးတွင် တင်းမာမှုများကို မြင့်တက်လာစေနိုင် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်၏ အိမ်ခြံမြေကဏ္ဍသည် ယိုယွင်းနေသဖြင့် အစိုးရက ချေးငွေရယူသူများအတွက် စည်းမျဉ်းများ ဖြေလျှော့ခြင်း၊ အိမ်များဝယ်ယူရန် ပြည်သူ့ရန်ပုံငွေများ ထုတ်ပေးမည့် ကတိကဝတ်များ အပါအဝင် အိမ်ခြံမြေကဏ္ဍကို ပြန်လည် ထောင်မတ်စေရန် အစီအစဉ်သစ်များကို မေလ ၁၇ ရက်က ကြေညာခဲ့သည်။

“ကုန်သွယ်ရေး ပွတ်တိုက်မှုတွေလို့ ခေါ်တဲ့ ဟန်ချက်မညီတဲ့ အခြေအနေတွေဟာ ပို့ကုန်ကဏ္ဍကို တိုးမြှင့်ပြီး စီးပွားရေးနာလန်ထူတဲ့ အစီအစဉ်အတွက် ပြဿနာတွေ ရှိလာနိုင်ပါတယ်”ဟု  Standard Chartered Plc ကုမ္ပဏီမှ တရုတ်နှင့် မြောက်အာရှရေးရာ စီးပွားရေးပညာရှင် တင်းရှူအန် (Ding Shuang) က ပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီသည် တရုတ်၏ စွမ်းအင်ကဏ္ဍကို အာရုံစိုက်ထားပြီး ကုန်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်နေသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တရုတ်၏ စျေးပေါသည့် ထုတ်ကုန်များသည် ၎င်းတို့၏ ပြည်တွင်း စျေးကွက် များအတွင်း အလုပ်အကိုင်များကို ခြိမ်းခြောက်ရာ ရောက်ကြောင်း ဝေဖန်ခဲ့ကြသည်။

တရုတ် ထုတ်ကုန်လုပ်ငန်းကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့က တရုတ်၏ လျှပ်စစ်ကားများနှင့် တရုတ်၏ စီးပွားရေးလှုံ့ဆော်မှုတွင် ပါဝင်နေသည်ဟု ယူဆရသည့် အခြားပို့ကုန်များအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံသည့် အစီအစဉ်ကို ကြေညာခဲ့သည်။

ထိုကဲ့သို့ ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်တိုင် တရုတ်အစိုးရသည် ဝယ်လိုအားကို မြှင့်တင်ရန် ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်ပေးမည့် လက္ခဏာများကို ပြသခဲ့သည်။

ထို့ပြင် တရုတ်အစိုးရသည် မေလ ၁၇ ရက်က ယွမ် ၁ ထရီလျံ (ဒေါ်လာ ၁၃၈ ဘီလျံ) တန်ကြေးရှိသည့် နှစ်ရှည် ငွေတိုက်စာချုပ်များကို စတင်ရောင်းချခဲ့ပြီး ဗဟိုဘဏ်ကလည်း အရစ်ကျ အိမ်ဝယ်ယူမည့် သူများအတွက် လစဉ် ပြန်လည်ပေးသွင်းရမည့် နှုန်းထားကို လျှော့ချခဲ့သည်။

Source: Bloomberg