CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၀

မြန်မာ-တရုတ် နယ်စပ်မှတဆင့် တရုတ်နိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရုတ် အလုပ်ရှင် သူဋ္ဌေးများမှ လုပ်ခလစာအား ကတိပေးထားသည့်အတိုင်း အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်နေကြောင်း မူဆယ် မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။

အချို့စက်ရုံများတွင် လုပ်ခလစာအား ယွမ်နှစ်ထောင်ပေးမည်ဟု ဦးစွာပြောဆိုထားခြင်းဖြစ်သော်လည်း အလုပ် လုပ်ကိုင်သည့်အခါတွင်မူ လုပ်ခလစာအပြည့်အဝမရရှိခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ခါသုံးကဒ်ဖြင့် ဝင်ရောက် ကြသည့်သူများဖြစ်သောကြောင့် အလုပ်ရှင်များ၏ ခြိမ်းခြောက်မှုများကိုလည်း ခံနေရကြောင်း ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။

“တရုတ်ကတော့ ကတိမတည်တာ များတာပေါ့။ ဒါပေမယ့် အခုဖြစ်နေတာက ရန်ကုန်ကနေ အထည်ချုပ်စက်ရုံ တွေက အလုံးလိုက်ပြောင်းတာလေ။ ပြောင်းတဲ့အခါကြတော့ အဲဒီအထည်ချုပ်စက်ရုံကလူတွေကို သူတို့က အကုန် ခေါ်သွားတာ။ ဟိုဘက်ကြတော့ စရိတ်တွေ အကုန်ခံပြီးခေါ်သွားတယ်။ ကြာလာတဲ့အခါကြတော့ သူတို့က လစာ ကို ၂၀၀၀ (ယွမ်)ပြောတယ်။ ၂၀၀၀ ပြောပြီး ၁၈၀၀၊ ၁၈၀၀ ကနေ ၁၆၀၀၊ ၁၆၀၀ ကနေ အခုဆိုရင် ကျနော်တို့ကို တိုင်တန်းလာတာတွေရှိတယ်။ ပြောတုန်းကတော့ လစာ ၂၀၀၀ ပေါ့ ဒါပေမယ့် အခု ၁၀၀၀ ပဲရတယ်။ ၁၀၀၀ ပဲ ရရင် သူတို့က စသွားကတည်းက နေထိုင်မှုက သိပ်ပြီးမခိုင်မြဲဘူးလေ တစ်ပတ်ကဒ်နဲ့ ဝင်ရတာကို။ အကြောက် တရားတွေနဲ့ လစာပေးခါနီးကြတော့ မကြိုက်ရင်ထွက်သွားဆိုတော့ လူတွေက အကြောက်တရားနဲ့ လုပ်တာ။ စက်ရုံကနေ ထွက်တာနဲ့ သူတို့က ရဲခေါ်ပြီးဖမ်းတာ။ ဖမ်းပြီးတော့ ပြည်တော်ပြန်လွှတ်လိုက်တာပေါ့ အဲဒါတွေရှိ တယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရှိ ဌာနဆိုင်ရာရုံးကိုတွေ့ရစဉ်

တရုတ်နိုင်ငံတွင် အခြေခံလုပ်ခ လစာအဖြစ် ယွမ် ၂၀၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) သတ်မှတ်ထားခြင်း ဖြစ်သော် လည်း အလုပ်သမားတချို့သည် မှန်မှန်ကန်ကန် မရရှိကြဘဲ ဖြစ်နေကြောင်း သိရသည်။

တရုတ်တွင် လုပ်ခလစာ အနှိမ်ခံရခြင်းသည် ယခင်ကတည်းကရှိခြင်း ဖြစ်သော်လည်း ယခုအခါတွင် ပို၍ များပြား လာခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံထဲသို့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြရာတွင် တစ်ခါသုံးကဒ် (TBP) ဖြင့် အဓိက အများဆုံး ဝင်ရောက် ကြခြင်းဖြစ်ကာ overstay အဖြစ် တရုတ်နိုင်ငံထဲ၌ နေထိုင် အလုပ်လုပ်ကိုင်နေကြသူ အများအပြား ရှိကြောင်း လည်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ထိုသို့ overstay အဖြစ် နေထိုင်သူ များပြားလာသည့်အတွက် တရုတ်အာဏာပိုင်များမှလည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီး၍ ပြန်တော်ပြန်အဖြစ် တစ်ရက်လျှင် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သွားရန် စောင့်နေကြသူများကိုတွေ့ရစဉ်

၎င်းက “အများကြီးပဲ။ ဟိုဘက်က အကုန်လုံးကို ခါလီလုပ်နေတာပေါ့ တရုတ်ပြည်ထဲမှာ။ ရက်ကျော်တာတွေရော ဘာတွေရော အကုန်လုံးပဲ။ ခက်တာက ရက်ကျော်တာတွေ များတာပဲ။ တရားမဝင်တွေက များနေတာ။ တရုတ်က တော့ ဘာကြောင့်ဆိုတာထက် အဲဒီလိုမျိုး ခဏခဏ လုပ်တယ်။ ဟိုးဘက် နှစ်တွေတုန်းကလည်း အဲဒီလိုမျိုး ခဏခဏ လုပ်တယ်။ တရားမဝင်ဆိုရင် သူတို့က ဖမ်းတယ်။ တချို့ထောင်ချတယ် ပြီးရင်ပြန်လွှတ်တယ်၊ ခိုးဝင် ခိုးပေါက်က မိတာတွေဆို ထောင်ချပစ်တာတွေ ကိုးလ၊ ဆယ်လ အဲဒီလိုမျိုးတွေ ချတာ။ အလုပ်တောင် မလုပ် လိုက်ရဘူး ခိုးပေါက်ကဝင်၊ ဝင်ပြီးတော့ တစ်ခါတည်းမိပြီး တစ်ခါတည်းထောင်ချ ပြီးတော့မှ တရုတ်ပြည် ဘယ်လို နေမှန်းတောင်မသိ။ ဒီဘက်ပြန်ပို့တာ ခံလိုက်ရတာ အဲဒီလိုမျိုးတွေရှိတယ်” ဟု ပြောသည်။

မူဆယ်တွင် တရုတ်သို့ တစ်ခါသုံးကဒ်၊ စာအုပ်အနီတို့ဖြင့် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၃၀၀ ခန့်အထိ ထွက်ခွာ နေကြခြင်းဖြစ်ပြီး အလုပ်အကိုင် ရရှိမည်ဟုဆိုကာ မက်လုံးပေး၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လိမ်လည် ခေါ်ယူသည့် ဈေးကွက်မှာ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

ထို့ကြောင့် တရုတ်အလုပ်ရှင်များမှ အာမခံချက်ပေး၍ အလုပ်လုပ်ရန် ခေါ်သည်ရှိပါက တစ်ခါသုံးကဒ်ဖြင့် လုံးဝ မသွားကြရန်နှင့် ၎င်းတို့၏ အာမခံချက်များအားလည်း မယုံကြည်ကြရန် ပရဟိတအသင်းများက အကြံပြုသည်။