CNI International News

အစ္စလာမ်မာဘက်၊ မေလ ၂၁ 

ပါကစ္စတန်တွင် ဘွဲ့ရလူငယ်များအကြား အလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုသည် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု Daily Asian Age သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် ပါကစ္စတန်နိုင်ငံအတွင်း ပျမ်းမျှအလုပ်လက်မဲ့နှုန်း၏ ၃ ဆ နီးပါးရှိလာသည်။

ပါကစ္စတန်တွင် ဘွဲ့ရလူငယ် စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး ပါကစ္စတန်၏ အလုပ်လက်မဲ့ လူဦးရေ စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်နေသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း အင်ဂျင်နီယာများအကြား အလုပ်လက်မဲ့နှုန်းသည် ၂ ဆခန့် မြင့်တက်ခဲ့ပြီး ၁၁ ရာခိုင်နှုန်းမှ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။ 

အလားတူပင် ကွန်ပြူတာသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူများအကြား အလုပ်လက်မဲ့နှုန်းမှာလည်း ၂ နှစ်အတွင်း ၁၄ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 ပါကစ္စတန် လူငယ်များကိုတွေ့ရစဉ်

စိုက်ပျိုးရေး သိပ္ပံဘာသာရပ်ဖြင့် ဘွဲရခဲ့သည့် လူငယ်များအကြား အလုပ်လက်မဲ့နှုန်းမှာလည်း ၁၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဆေးဝါးသိပ္ပံဘာသာရပ်ဖြင့် ဘွဲရဲ့ခဲ့သူများပင် လျှင် နှစ်နှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

လုပ်သားအင်အား စျေးကွက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်းကြောင့် ဘွဲ့ရလူငယ်များအကြား အလုပ်လက်မဲ့ နှုန်းများ လျင်မြန်စွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အင်စတီကျု (PIDE)က ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုတွင် အလုံး စုံ အလုပ်လက်မဲ့နှုန်းသည် ၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပြီး ဘွဲ့ရလူငယ်များအကြား အလုပ်လက်မဲ့နှုန်းသည် ၁၆ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သဖြင့် ကွာဟချက်မှာ ၁၀ ရာခိုင်နှုန်းခန့် ရှိနေသည်ကို ဖော်ပြထားသည်။

ထို့ကြောင့် ပညာရေးအဆင့်နှင့် အချိုးချကြည့်ပါက ပါကစ္စတန်တွင် အလုပ်လက်မဲ့ အရေအတွက် ဆက်လက် မြင့်တက်လာမည့် အရိပ်လက္ခဏာကို ထိုသုတေသနက ညွှန်ပြနေသည်။

ပါကစ္စတန် လူငယ်များကိုတွေ့ရစဉ်

ပါကစ္စတန် လူဦးရေ စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းသည် အသက် ၃၀ အောက် အရွယ်များဖြစ်သည်။ 

ထိုအသက်အရွယ်အရ လူငယ်များဟု သတ်မှတ်နိုင်သဖြင့် အလုပ်လက်မဲ့နှုန်း ပြဿနာကို မဖြေရှင်းနိုင်ပါက နိုင်ငံစီးပွားရေးနှင့် လူမှုရေးအတွက် ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပါကစ္စတန်၏ အလုပ်သမား စျေးကွက်သည် COVID-19 ကပ်ရောဂါနှင့် စီးပွားရေး အကျပ်အတည်းမှ နာလန် မထူနိုင်သေးသဖြင့် ယခုနှစ်အတွင်း အလုပ်လက်မဲ့ လူဦးရေသည် ၅ ဒသမ ၆ သန်းခန့် ရှိလာနိုင်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) က ကြေညာခဲ့သည်။

Source: Daily Asian Age