CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း ဆားထုတ်လုပ်မှုအနေဖြင့် ယခင်နှစ်ထက် ပိုမိုထုတ်လုပ်နိုင်သော်လည်း ဈေးနှုန်း ကျဆင်းခြင်းနှင့် ဈေးကွက် မရှိသည့်အတွက် ဆားတောင်သူများ အခက်တွေ့နေကြောင်း သိရသည်။

ဆားထုတ်လုပ်ရာတွင် ကုန်ကျမှုစရိတ် မြင့်တက်သော်လည်း ဆားဈေးနှုန်းသည် လိုက်ပါမြင့်တက်လာခြင်း မရှိသည့်အတွက် တချို့သော ဆားတောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း၊ လာမည့် ဆားထုတ်လုပ်ရာသီတွင် တချို့သော ဆားတောင်သူများ ထပ်မံထုတ်လုပ်ရန် အခက်အခဲ ရှိနေကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “နွေတုန်းက ဆား မိုးမိတာ ၃ ကြိမ်လောက် ရှိသွားတယ်။ နောက်ပြီးတော့ ဆားဈေးကလည်း မရှိဘူးဆို တော့ သိပ်တော့ အဆင်မပြေဘူး ဒီနှစ်။ ဒီနှစ် ဆားရာသီကတော့ ကျနော်တို့က ဆားကတော့ ထွက်တာတော့ ပုံမှန်အတိုင်း ရတာပေါ့။ နွေတာရှည်တဲ့ အခါကျတော့ နွေတာရှည်တယ်၊ မိုး ၃ ခါဖျက်တယ်။ ဆားထွက်တော့ ခါတိုင်းနှစ်ထက်ကို တန် ၂ သောင်း၊ ၃ သောင်းလောက် ပိုရတာပေါ့။ ဥပမာဆိုလို့ရှိရင် ဆား ၃ သိန်းလောက် ထွက်တဲ့ဖိုတွေက ၃ သိန်းခွဲလောက် ထွက်တာပေါ့ ဒီနှစ်။ ဒါပေမယ့် ဆားဈေးနှုန်းက မရှိဘူး။ ဆားဈေးက ဒီလိုပဲ သွားနေမယ်ဆိုရင်တော့ နောက်နှစ်မှာ တချို့ဖိုတွေက မထွက်နိုင်ဘူး ပြောနေကြတာပေါ့။ အလုပ်သမားစရိတ်တို့၊ ဒီဇယ်ဈေးတို့ အရမ်းဈေးများနေတယ်လေ။ ကုန်ကျစရိတ်တွေက အရမ်းများနေတော့ ကျနော်တို့ ဆားဈေးနှုန်းက မတက်တဲ့အခါကျတော့ ကျနော်တို့ ဆားတောင်သူတွေ အခက်တွေ့နေတယ်။ ကျနော်တို့ ပုံမှန်ဆိုလို့ရှိရင် အစစ အရာရာ ဈေးက ခေါင်ခိုက်နေတော့ ဆားဈေးက ၂၀၀ ကျော်လောက် တက်ပေးမှဖြစ်မယ်” ဟု ပြောသည်။

ဆားချက်နေတဲ့ ဖိုကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ကာလတူတွင် ဆားဈေးနှုန်းသည် တစ်ပိဿာလျှင် ၂၀၀ ကျပ် အထက်တွင် ရှိသော်လည်း ယခုနှစ်၌ ဆားတစ်ပိဿာလျှင် ၁၅၀ ကျပ်သာ ရှိနေကြောင်း၊ ဆားတစ်ပိဿာ ၂၀၀ ကျပ်အထက် ရရှိမှသာ ဆားထုတ်လုပ်မှု စရိတ် ကာမိမည်ဖြစ်သည်ဟု ဆားတောင်သူများက ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားကို တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြန့်ဖြူးရောင်းချ လျက်ရှိသော်လည်း လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေခူနှင့် တခြားသော ရေထွက်ကုန် လုပ်ငန်း များမှာ ကျဆင်းနေခြင်းကြောင့်  ဆားအသုံးပြုမှု နည်းပါးသွားကြောင် သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးတွင်လည်း မွန်ပြည်နယ်မှ ဆားကို ဝယ်ယူရာတွင် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆားကိုသာ ပြောင်းလဲ ဝယ်ယူလာကြကြောင်း သိရသည်။

ထို့ကြောင့် မွန်ပြည်နယ်၏ ဆားဈေးကွက်သည် ပျက်လုနီးပါးဖြစ်နေပြီး ဆားလက်ကျန် အမြောက်အများ ဖြစ်ပေါ် နေသည်ဟု ဆားတောင်သူများက ပြောသည်။

 ဆားလုပ်ငန်းကိုတွေ့ရစဉ်

မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကို ဒေသတွင်း စားသုံးရန်အတွက်သာမက ဆားကို တန်နှင့်ချီ၍ သုံးစွဲနိုင်သည့် စက္ကူစက်ရုံကဲ့သို့သော စက်ရုံကြီးများ တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ နိုင်ဟုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့တွေရဲ့ မျှော်လင့်ချက်ကတော့ နိုင်ငံတော်ဖြစ်ဖြစ်၊ ကုမ္ပဏီကြီးဖြစ်ဖြစ် export ပို့နိုင်တဲ့ စက်ရုံကြီး ဆားကို မှီခိုပြီး ပို့နိုင်တဲ့ စက်ရုံကြီးတွေ တည်စေချင်တယ်။ ဟိုတုန်းကလို စစ်တောင်းစက္ကူစက်လိုမျိုးပေါ့။ စစ်တောင်းစက္ကူစက် ရပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ မွန်ပြည်နယ်က ဆားတန်ချိန် ၁ နှစ်ကို ၂ သောင်းလောက် ပိုထွက်သွားတယ် စစ်တောင်းစက္ကူစက်က မသုံးနိုင်ရင်ပေါ့။ အဲဒီလိုမျိုး အသုံးပြုတဲ့ စက်ရုံတွေ ရှိရင် ကျနော်တို့ဆားလည်း ကုန်ကြမ်းအတွက် စိတ်မပူရဘူး။ နောက်ပြီးတော့ ထွက်လာတဲ့ ကုန်ချောအပေါ်မှာ လည်း နိုင်ငံတော်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ နိုင်ငံခြား export ကို သူတို့ ရောင်းလို့ရတာပေါ့။ အဲဒီလိုမျိုး စက်ရုံ တွေ ပေါ်လာပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ ပြည်တွင်း စားသုံးတဲ့ဈေးကွက် လောက်ပဲဆိုရင် ကျနော်တို့ လုံးလည်ချာလည်နဲ့ သွားနေအုံးမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကို ဂျပန်နိုင်ငံသို့ တန်ချိန် ၂၀ စမ်းသပ် တင်ပို့နိုင်ခဲ့သော်လည်း ထပ်မံဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ထို့နောက် တောင်ကိုရီးယားနိုင်ငံနှင့် ဆားတန်ချိန် ၃၀,၀၀၀ တင်ပို့ရန် MOU ရေးထိုးနိုင်ခဲ့သော်လည်း တန်ချိန် ၅၀၀၀ ခန့်သာ တင်ပို့ထားနိုင်သေးကြောင်း၊ နောက်ထပ် ကျန်ရှိသည့် ဆားတန်ချိန်ကို တင်ပို့ရန်အတွက် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။