CNI International News

ဝါရှင်တန်၊ မေလ ၂၅

အမေရိကန်သည် ဩဂုတ်လ ၁ ရက်မှစပြီး တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် လျှပ်စစ်ကားများနှင့် ကား ဘက္ကထရီများ၊ ကွန်ပြူတာ ချစ်ပ်ပြားများနှင့် ဆေးဝါးထုတ်ကုန်များ အပါအဝင် များစွာသော တရုတ်ပို့ကုန်များ အပေါ် စည်းကြပ်ကောက်ခံမည့် အခွန်နှုန်းကို တိုးမြှင့်သွားမည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR)က မေလ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က လုပ်ဆောင်ခဲ့သည့် တရုတ်ထံမှတင်ပို့သည့် ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံသည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

တရုတ်လျှပ်စစ်ကားများအပေါ် အခွန်များ လေးဆမြင့်တင်ပြီး ၁၀၀ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအပေါ် အခွန်များ ၂ ဆမြှင့်တင်ပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်မှုအပြင် အခြားကုန်စည်များကိုလည်း အခွန်များတိုးမြှင့်ခဲ့သည်။

ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ပြည်သူလူထုအား မှတ်ချက်ပေးခွင့်ပြုထားသည့် ရက်ပေါင်း ၃၀ တာကာလသည် ဇွန်လ ၂၈ ရက်တွင် အဆုံးသတ်မည်ဟု USTR က ဖက်ဒရယ်နို့တစ်စာ ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

အမေရိကန် ကုန်သွယ်ရေး အေဂျင်စီသည် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းများနှင့် လက်အိတ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ ဆေးထိုးပြွန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံဖို့ အဆိုပြုထားသည့် အခွန်နှုန်းထားထက် ပိုမိုတိုးမြှင့်ရန် သင့်၊မသင့်နှင့် ထိုသို့ အခွန်နှုန်းထားများ တိုးမြှင့်မှုသည် စားသုံးသူများနှင့် အမေရိကန်၏ စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိ၊မရှိကို အကြံပြုချက်များ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်ပို့သည့် ဒေါ်လာ သန်း ၆၄၀ နီးပါးတန်ဖိုးရှိ လက်အိတ်များ၊ နှာခေါင်းစည်းများနှင့် ဆေးထိုးပြွန်များကို ဝယ်ယူခဲ့ပြီး အခွန်နှုန်းထားများ တိုးမြှင့်မှု၌ ထိုကုန်ပစ္စည်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

USTR မှ ထုတ်ပြန်သည့် နို့တစ်စာတွင် အခွန်နှုန်းထား အသစ်များ သတ်မှတ်မည့် စာရင်းတွင် အကျုံးဝင် သက်ရောက်မည့် အခြားထုတ်ကုန် အမျိုးအစား ၃၈၇ မျိုး၏ အခွန်ကုဒ်နံပါတ်များကိုလည်း ဖော်ပြထားသည်။ 

ထိုစာရင်းတွင်ပါသည့် ထုတ်ကုန် အမျိုးအစားများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တို့တွင် စတင်အကျုံးဝင်လိမ့်မည်ဟု USTR က ပြောကြားခဲ့သည်။

တရုတ်၏ ပို့ကုန်များအပေါ် အခွန်နှုန်းထား တိုးမြှင့်သည့် အဆိုပြုချက်တွင် မကြာသေးမီက အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများရှိနေသည့် ကဏ္ဍများနှင့် သက်ဆိုင်သော တရုတ်ထုတ်ကုန်များ၊ ဩဇာလွှမ်းမိုးရေးအတွက် ရည်ရွယ်ထားသည့် တရုတ်ထုတ်ကုန်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။

 တရုတ်ကားစက်ရုံကို တွေ့ရစဉ်

အမေရိကန်သည် သန့်ရှင်းသည့် အမေရိကန်လုပ် လျှပ်စစ်ကားများ၊ ဆိုလာနှင့် အခြား စက်မှုလုပ်ငန်းများတွင် ဒေါ်လာ ဘီလျံပေါင်းမြောက်များစွာ ရင်းနှီးမြှုပ်နှံနေသည်။

တရုတ်အစိုးရ၏ ထောက်ပံ့မှုဖြင့် ထုတ်ကုန်ပမာဏ အများအပြား ဝင်ရောက်လာမှုသည် ထိုလုပ်ငန်းများ၌ အမေရိကန်ကုမ္ပဏီများ၏ အလားအလာအပေါ် ခြိမ်းခြောက်နေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန် စျေးကွက်များအတွင်းသို့ စျေးပေါသည့် တရုတ်ကုန်ပစ္စည်းများ အများအပြား ဝင်ရောက် လာမည့်အရေးကို စိုးရိမ်ရပြီး အမေရိကန်၏ အလုပ်အကိုင် စျေးကွက်ကို ကာကွယ်ရန်အတွက် အခွန်နှုန်းထား များကို တိုးမြှင့်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု USTR က ပြောကြားခဲ့သည်။

Source: ရိုက်တာ