CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသည့် တရားဝင်နှင့် တရားမဝင် အထောက်အထားမဲ့များသည် အခြေခံလုပ်ခလစာအပြည့်အဝမရရှိခြင်းဖြင့် ကြုံတွေ့နေရကြောင်း မလေးရှားတွင် လူမှုကူညီရေး ဆောင်ရွက်ပေး နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံ၏ အခြေခံလုပ်ခလစာမှာ ရင်းဂစ်ငွေ ၁၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ထိုနှုန်းထားအတိုင်းမရရှိကြခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိတွင် အလုပ်အကိုင်များမှာ ရှားပါးနေဆဲဖြစ်ပြီး တရုတ်နိုင်ငံသားများဖွင့်လှစ်သည့် ဝိုင်ယာကြိုး ရွေးရသောစက်ရုံများတွင်လည်း လုပ်သားမလိုအပ်သည့် အခြေအနေဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

“သူတို့အခြေခံလစာက ရင်းဂစ် ၁၅၀၀ လေ။ တချို့ဆိုရင် အလုပ်အကိုင်တွေက အဆင်မပြေလို့ တရားဝင်ခေါ်တဲ့ သူတွေတောင် တချို့ကျနော့်ကို ခဏခဏလှမ်းပြီး တိုင်ပင်တာတွေရှိတယ်။ ၉၀၀ ပဲပေးတယ်၊ ၁၀၀၀ ပဲပေးတယ် ဆိုတဲ့လူတွေလည်း ရှိတယ်။ တချို့ overstay အထောက်အထားမရှိတဲ့လူတွေဆိုရင် တချို့ အလုပ်ခန့် ပြီးတော့ လစာမပေးတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် overstay ရော ဘာရော အခု အလုပ်သမားတွေ နှိပ်ကွပ်တာ တွေ များလာတယ်။ နေရာတိုင်းတော့ မဟုတ်ပါဘူး။ အလုပ်အကိုင်အခွင့်အလမ်း မှာလည်း လူလိုရင်တောင် တရားဝင် calling တွေကို ထည့်တာများတဲ့အတွက် ကိုယ့်နိုင်ငံသားတွေက ‌ရောက်လာတာများတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိဘူး။ ဟိုတုန်းက ဆီအုန်းအလုပ်တွေ၊ စားအုန်းဆီခြံထဲတွေဆိုတာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ လုပ်ခဲတယ်။ အခုဆိုရင် စားအုန်းဆီအလုပ်ကအစ အလုပ်တွေမရကြဘူး” ဟု ၎င်းက ပြော သည်။

လက်ရှိတွင် မလေးရှားနိုင်ငံရှိ နေရာအနှံ့အပြားတွင် အဖမ်းအဆီးများ ပြန်လည်စတင်များပြားလာနေပြီး ယူနီဖောင်းဝတ်များဖြင့် ဖမ်းဆီးခြင်းထက် အရပ်ဝတ်များဝတ်ဆင်ကာ စားသောက်ဆိုင်များ၊ နိုင်ငံခြားသားများ ဖွင့်လှစ်ထားသည့်ဆိုင်များသို့ လာရောက်၍ ဖမ်းဆီးကြသည်များကို မြင်တွေ့ရကြောင်း မလေးရှားတွင် လူမှု ကူညီရေး ဆောင်ရွက်ပေးနေသူများထံက သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု

အလုပ်အကိုင်များရှားပါးနေသဖြင့် ပွဲစားများသည် မလေးရှားရှိ အေးဂျင့်များဖြင့် ပေါင်း၍ အမျိုးသမီးငယ်များကို အိမ်ဖော်အလုပ်များသွင်းပေးကြောင်း၊ ထိုသို့သွင်းပေးရာတွင် အိမ်ပိုင်ရှင်များထံမှ ငွေကြေးများ ရယူပြီး ရောင်းစား ခဲ့သည့်ပုံစံများလည်း တွေ့နေရကြောင်း သိရသည်။

ထို့အပြင် နေထိုင်စားသောက်စရာမရှိဘဲ လမ်းဘေးတွင် အိပ်ရသည့် အခြေအနေအထိ ဒုက္ခရောက်နေကြသူများ လည်း ရှိကြောင်း၊ မြန်မာနိုင်ငံသားအများစုသည် သောက်စားမူးရစ်ခြင်းများကြောင့် အချို့ရပ်ကွက်များတွင် နယ်မြေခံများမှ လက်မခံကြခြင်းများနှင့် တိုင်ကြားခြင်းများရှိကြောင်း သိရသည်။

လက်ရှိ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲမှာ များပြားကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

 “ပြီးခဲ့တဲ့ တစ်ပတ်ကပဲ တိုင်လာတဲ့ ပြဿနာလေးတစ်ခုရှိပါတယ်။ သူတို့ မြန်မာပြည်ကနေ တက်လာတာ ၄၊ ၅ လလောက်ပဲ ရှိသေးတာပေါ့နော်။ ဒီမှာ Basic ကြေး ၁၅၀၀ (ရင်းဂစ်ငွေ)နဲ့ဆိုပြီး ခေါ်လာကြတယ်။ သို့ပေမယ့် လည်း ဒီကလေးတွေက အလုပ် ၁ ရက်ဆင်း၊ ၁ ရက်နားပြီးတော့ တစ်လကို ၉၀၀ နဲ့ပဲ လုပ်ကိုင်နေရတဲ့ အလုပ် သမားလေးတွေ ရှိပါတယ်။ သူဌေးတွေ၊ အေးဂျင့်တွေက သူတို့ကို ၃ လပြီးလို့ရှိရင် ပုံမှန် ပြန်ပေးမယ် ဆိုပြီး ပြောခဲ့ပေမယ့်လည်း ၃ လကျော်လာလည်း ဒီအတိုင်းပဲ ဆက်သွားနေတော့ ဒီကလေးတွေ လော‌လောဆယ်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြမှုတွေရှိနေပါတယ်။  လက်ရှိအချိန်မှာ ပြောချင်တာကတော့ အသွားအလာ အနေအထိုင် ဆင်ခြင်ကြပါ။ လက်ရှိ ရှိနေတဲ့အလုပ်ကိုလည်း လခ နည်းနည်း၊ များများ မှေးပြီးတော့ လုပ်ကြပါ” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက လူခံရှိရန်လိုအပ်ပြီး အလုပ်အကိုင်ရရှိရန် သေချာမှု ရှိ၊ မရှိ ဆက်သွယ်စုံစမ်းပြီးမှ တက်လာစေချင်ကြောင်း၊ လက်ရှိ ဒုက္ခရောက်သူများထဲတွင် ပွဲစားများ၏ ပြောစကား များအား ယုံလွယ်ကာ ရောက်လာကြသူများဖြစ်ကြောင်းလည်း သိရသည်။