CNI International News

အစ္စလာမ်မာဘက်၊ မေလ ၂၈

ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား (Kashmir) ဒေသနှင့် ဂျီဂျစ်-ဘယ်လ်တစ္စတန် (Gilgit-Baltistan) ဒေသများတွင် မကြာသေးမီက အကြမ်းဖက်မှုများကြောင့် စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ နေရသည်ဟု Khaama Press သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။ 

သို့သော် ပါကစ္စတန်အစိုးရ၏ စီးပွားရေး ဦးစားပေး အစီအစဉ်များသည် ထိုအကျပ်အတည်းများကို ဖြေရှင်းနိုင်  ခြင်းမရှိဘဲ ဖရိုဖရဲဖြစ်နေဆဲ ဖြစ်သည်။ 

ပါကစ္စတန်နိုင်ငံသည် တရုတ်ထံ ဒေါ်လာဘီလျံချီ အကြွေးတင်နေသဖြင့် ထိုကြွေးမြီပြဿနာကို ဖြေရှင်းရန် တရုတ်ထံမှ လက်နက်များ ဝယ်ယူနေရသည်။

ထိုကဲ့သို့ လက်နက်များ အလွန်အကျူး ဝယ်ယူမှုကြောင့် ပါကစ္စတန်သည် လက်နက်များနှင့်ပတ်သက်ပြီး တရုတ် အပေါ် ပိုမိုမှီခိုအားထား လာခဲ့ရသည်။ 

တရုတ်ထုတ် သေနတ်ကိုတွေ့ရစဉ်

၂၀၁၉ ခုနှစ်မှ၂၀၂၃ ခုနှစ်အတွင်း ပါကစ္စတန်၏ လက်နက်တင်သွင်း ဝယ်ယူမှု စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဝယ်ယူခြင်းဖြစ်သည်။

ထိုပမာဏသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား တရုတ်ထံမှ လက်နက်တင်သွင်း ဝယ်ယူမှု ၅၁ ရာခိုင်နှုန်းကနေ သိသာစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ 

မကြာသေးမီကလည်း တရုတ်သည် ပါကစ္စတန်ရေတပ်အတွက် ၂၀၂၈ ခုနှစ်တွင် Hangor အမျိုးအစား ရေငုပ် သင်္ဘောများ တည်ဆောက်ပေးရန် စတင်လုပ်ဆောင်ခဲ့သည်။

ပါကစ္စတန်သည် တရုတ်၏ လက်နက်တင်ပို့ရောင်းချသည့် အဓိကဈေးကွက် တစ်ခုဖြစ်ပြီး တရုတ်၏ လက်နက်  တင်ပို့ရောင်းချမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် ပါကစ္စတန်အား ရောင်းချခြင်းဖြစ်သည်ဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျူ (SIPRI) က ထုတ်ပြန်ခဲ့သည်။

ထို့အတူ ပါကစ္စတန်သည်လည်း ကမ္ဘာလုံးဆိုင်ရာ လက်နက် တင်သွင်းဝယ်ယူမှု အများဆုံးနိုင်ငံများ စာရင်းတွင် ပဥ္စမနေရာတွင် ရပ်တည်ခဲ့သည်။

ပါကစ္စတန်နဲ့တရုတ်အလံကိုတွေ့ရစဉ်

ထိုကဲ့သို့ ပါကစ္စတန်နှင့် တရုတ်အကြား လက်နက်ရောင်းဝယ်မှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို စိုးရိမ်စေခဲ့သည်။

ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများတွင် စစ်အသုံးစရိတ်များကို အလွန်အကျူး သုံးစွဲမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူ မဖြစ်စေသည့် သက်သေ သာဓကများစွာ ရှိခဲ့သည်။

စစ်အသုံးစရိတ်အစား ပညာရေး၊ အခြေခံ အဆောက်အအုံနှင့် အလုပ်အကိုင် များပြားသည့် မျိုးဆက်အပေါ် ငွေကြေးသုံးစွဲခြင်းသည် စီးပွားရေးအတွက် ကြီးမားစွာ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိ ပါကစ္စတန်တွင် သန်းနှင့်ချီသည့် ပြည်သူများသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည့် အခြေအနေသို့ ရောက်ရှိနေကာ နိုင်ငံ့စီးပွားရေးမှာလည်း အကျပ်အတည်း ဖြစ်နေသဖြင့် လက်နက်များ ဝယ်ယူမှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Khaama Press