CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၈

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်ကို ပြည်ပသို့ တင်ပို့ရာ၌ လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း အခက်အခဲကြောင့် ဈေးနှုန်းများ ကျဆင်းလာနေသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ကြက်သွန်ကို တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှ တဆင့်သော်လည်း ကောင်း၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးမှ တဆင့်သော်လည်းကောင်း တင်ပို့လျက်ရှိသလို ထို့ကော်ကိုး - မြဝတီလမ်းကြောင်း၊ ကော့သောင်း - ရနောင်း လမ်းကြောင်းနှင့် စင်ခွန် - မောတောင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိသည်။

သို့သော်လည်း လက်ရှိတွင် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ ထို့ကော်ကိုးလမ်းသည် မိုးရွာသွန်းမှု ကြောင့် ပျက်စီးနေခြင်း၊ ကျုံအိတ်တံတားနှင့် ဘီးလင်းတံတားတို့ မိုင်းခွဲခံထားရခြင်းတို့ကြောင့် အသုံးပြု၍ မရတော့သည့်အတွက် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကြက်သွန်တင်ပို့မှုများ ရပ်နားနေရကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပသို့ ကြက်သွန်တင်ပို့နိုင်မှု အခက်အခဲကြောင့် ပြည်တွင်း ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလာ နေပြီး ဈေးကွက် ပြန်လည်ဦးမော့လာရန် မလွယ်ကူနိုင်သေးကြောင်း မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ကြက်သွန်နီကို တွေ့ရစဉ် 

၎င်းက “export လမ်းကြောင်းတွေက ဝယ်ထားတဲ့ပစ္စည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေးတွေက နှောင့်နှေး ပြီးတော့ တင်မရကြဘူး ဖြစ်နေတာပေါ့။ ရောင်းပြီးသားကုန်တွေလည်း တင်မရ ဖြစ်နေတာ။ အဲဒီအခက်အခဲ အကြပ်အတည်းတွေပါတော့ နည်းနည်း လက်ထဲမှာလည်း ဂိုဒေါင်မှာလည်း ပြည့်နေကြတယ်။ ရောင်းပြီးသား ပစ္စည်းတွေ တင်မရတော့ အဲဒါတွေက ဈေးကျတာပေါ့။ လမ်းကြောင်း မကောင်းရင်တော့ ဈေးကွက်က ပြန်ပြီး ဦးမော့လာဖို့ မလွယ်သေးဘူးပေါ့” ဟု ပြောသည်။

ပြည်တွင်း ကြက်သွန်ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်ပိဿာ ၂၂၀၀ ကျပ် ရှိခဲ့သော်လည်း ဈေးနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ လက်ရှိတွင် တစ်ပိဿာလျှင် ၁၇၀၀ ခန့်သာ ရှိတော့သည်။

ပြည်ပတင်ပို့မှု လမ်းကြောင်း အခက်အခဲ ဆက်ရှိနေမည်ဆိုပါက ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလာနိုင်သေး သည်ဟု သုံးသပ်နေမှုများလည်း ရှိနေသည်။

ထို့အပြင် ပြည်ပတင်ပို့သည့် လမ်းကြောင်းအပြင် ကျေးရွာများမှတဆင့် ကြက်သွန်ကုန်စည်ဒိုင်သို့ သွားရာ လမ်းကြောင်းတွင်လည်း အခက်အခဲ ရှိနေခြင်းကြောင့် ကုန်တင်ကားခ ဈေးနှုန်းကြီးမြင့်ပြီး ကြက်သွန်ဈေးနှုန်း ကျဆင်းမှုများလည်း ဖြစ်ပေါ်နေကြောင်း ပခုက္ကူကြက်သွန်ကုန်သည်များထံမှ သိရသည်။

ထို့နောက် ပခုက္ကူမြို့နယ်အတွင်း ကုန်တင်ကားများကို မြန်မာ့တပ်မတော်နှင့် စစ်ဆေးရေးဂိတ်များက  ချောဆွဲမှု များ ရှိနေခြင်းကြောင့်လည်း ကုန်စည်ဒိုင်များသို့ ကြက်သွန်ဝင်ရောက်မှု နည်းပါးနေကြောင်း ပခုက္ကူကြက်သွန် ကုန်သည် ဦးကျော်သောင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ကြက်သွန်နီကို တွေ့ရစဉ် 

၎င်းက “ကြက်သွန်တွေက ဒီမှာလည်း လမ်းတွေ မကောင်းဘူး။ ပခုက္ကူမြို့က လမ်းတွေ ပိတ်ပိတ်ထားတာ။ လမ်းတွေ ပိတ်တာက ပခုက္ကူနဲ့ ဦးတို့ရွာ ချက်မြုံနဲ့ဆိုရင် မိုင် ၃၀ ရှိတာ၊ အဲဒါကို ၂၀၀ ပေးရတယ် ကြက်သွန် ၁ ပိဿာကို ကားခက။ ပုသိမ်တင်တာက ၁၈၀ တဲ့ ပခုက္ကူနဲ့ မိုင် ၃၀၀ လောက် ဝေးတာက အဲဒီလိုတွေ။ ဒီနေ့ ကြက်သွန်ကားလည်း မဝင်ဘူး ချောတွေရှိလို့။ ကားတွေ ချောဆွဲတာ မနေ့ကဆိုရင် လိုက်ထရပ်တွေပါ ပါတာ၊ လိုက်ထရပ်တွေပါ ဆွဲတာ အဲဒီလိုတွေ။ ဒီနေ့ ကြက်သွန်ဈေးက ၁၈၀၀ တဲ့။ အဲဒါတောင် မပြတ်ပါဘူး။ အရောင်းပွဲ စားက သူ့ဟာသူ သိမ်းထားတာ။ ကြက်သွန်က အဝင်ရော လျော့တယ်။ ကားချောဆွဲတာကလည်း ကားတွေက ချောဆွဲတော့ ကြောက်တယ်လေ။ ဘယ်အထိတောင် ပါမလဲ မသိဘူး။ ကားချောဆွဲတာက ဒါရိုက်ဘာ တစ်ယောက်ကို ၈ သောင်း၊ ၁ သိန်း ၁ နေ့ကို အဲဒီလို ကားပိုင်က ငှားထည့်ပေးလိုက်ရတာ မလိုက်ရဲတော့။ လိုက်ရဲ တဲ့ ဒါရိုက်ဘာ ခေါ်ပြီးတော့ ၁ ရက် ၁ သိန်းတို့၊ ၁ ရက် ၈ သောင်းတို့ အဲဒီလိုတွေ။ လုပ်ကိုင်စားလို့မ လွယ်လောက် ဘူး” ဟု ပြောသည်။

ပြည်ပတင်ပို့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ အခက်အခဲ ဖြစ်နေခြင်းကြောင့် ကြက်သွန် ကုန်စည် ဒိုင်များ၊ ပွဲရုံများနှင့် ကုန်သည်များထံတွင် ပြည်ပသို့ တင်ပို့ရန် ကြက်သွန်ပိဿာချိန် သိန်းနှင့်ချီ၍ စုပြုံနေသည်ဟု သိရသည်။

လက်ရှိတွင် ပြည်ပသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုသာ ရှိနေပြီး ပင်လယ်ရေကြောင်းကို အသုံးပြု၍ စက်လှေ ဖြင့် ကော့သောင်း နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် ကုန်သည်များက ကြိုးစားလျက်ရှိနေကြောင်း သိရသည်။