CNI International News

ပေကျင်း၊ မေလ ၂၉

တရုတ်နိုင်ငံတွင် ဝင်ငွေအလယ်အလတ်ရှိသည့် မိသားစုများသည် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်ပြီး စိုးရိမ်နေဆဲ ဖြစ်ပြီး အထူးသဖြင့် အိမ်ခြံမြေကဏ္ဍတွင် ငွေကြေးသုံးစွဲရန် လက်တွန့်နေကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်အစိုးရက အိမ်ထောင်စုများ၏ ငွေကြေးဖိအားများကို ဖြေလျှော့ပေးရန် အားထုတ်ကြိုးပမ်းမှုများ ရှိနေသည့် တိုင် ဝင်ငွေအလယ်အလတ်ရှိသော မိသားစုများက ငွေကြေးသုံးစွဲမှုတွင် လက်တွန့်နေဆဲဖြစ်သည်ဟု စီချွန် (Sichuan) ပြည်နယ် ချန်ဒူ (Chengdu) မြို့ရှိ ဘဏ္ဍာရေးနှင့် စီးပွားရေး အနောက်တောင်ပိုင်း တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်တွင် ဖော်ပြခဲ့သည်။

မေလ ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါ လေ့လာတွေ့ရှိချက်တွင် အိမ်ထောင်စုများ၏ ကြွယ်ဝချမ်းသာမှုနှင့် ဝင်ငွေများကို လေ့လာခဲ့ရာ၌ ထိုမိသားစုများ၏ အနာဂတ် ငွေကြေးသုံးစွဲမှု ခန့်မှန်းခြေညွှန်းကိန်းသည် COVID-19 ကပ်ရောဂါ အစောပိုင်းနေ့များထက် လျော့နည်းနေသည်ဟု ဖော်ပြခဲ့သည်။

တရုတ် အဆောက်အအုံများကို တွေ့ရစဉ်

တရုတ်အိမ်ထောင်စု ဘဏ္ဍာရေး သုတေသနနှင့် လေ့လာရေးစင်တာက ပြုလုပ်ခဲ့သည့် တရုတ်အိမ်ထောင်စု ကြွယ်ဝမှု ညွှန်းကိန်းစစ်တမ်းတွင် ယခုနှစ် ပထမသုံးလပတ် ကာလအတွင်း အသုံးစရိတ် ခန့်မှန်းချက်ညွှန်းကိန်း သည် ၁၀၁ ဒသမ ၉ မှတ်သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ပထမသုံးလပတ်ကာလက အသုံးစရိတ် ခန့်မှန်းချက်ညွှန်းကိန်းသည် ၁၀၃ ဒသမ ၀ မှတ် ရှိခဲ့ရာမှ ယခုနှစ် သုံးလပတ်ကာလတွင် ၁၀၁ ဒသမ ၉ မှတ်သို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ခရီးသွားကဏ္ဍနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် ရင်းနှီးငွေများမှာလည်း တိုးတက်မှုမရှိဘဲ တန့်နေ၍ လာမည့် ၁၂ လ အတွင်း စီးပွားရေးအလားအလာသည် တိုးတက်လာမည့် အခြေအနေမရှိနိုင်ကြောင်း စစ်တမ်း၌  ပါဝင်ဖြေဆိုသူ များက ဖြေကြားခဲ့သည်။

တရုတ်အမျိုးသားကိုတွေ့ရစဉ်

အဆိုပါ လေ့လာတွေ့ရှိချက်များသည် စားသုံးသူကဏ္ဍကို ခြေကုပ်ယူပြီး စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ထား သည့် တရုတ်အစိုးရ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ပြည်ပကုန်သွယ်ရေးဖိအားများနှင့် ကြွေးမြီကြောင့် ရင်းနှီးမြှုပ်နှံမှု ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ပြည်တွင်းစားသုံးသူကဏ္ဍကြောင့် ယခုနှစ် ပထမသုံးလပတ် ကာလတွင် GDP ဖွံဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ခရီးသွားကဏ္ဍနှင့် ဖျော်ဖြေရေးကဏ္ဍများ၌ ငွေကြေးသုံးစွဲမှုများသည် အလွန်နည်းပါးခဲ့သည်။

ထို့ပြင် ယခုနှစ် ပထမသုံးလပတ် ကာလတွင် အိမ်ထောင်စုများသည် အိမ်အသစ်များ ဝယ်ယူမှု အခြေအနေသည် ပြီးခဲ့သည့် သုံးလပတ် ကာလများနှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့သည်ဟုလည်း လေ့လာချက်၌ ဖော်ပြခဲ့သည်။

Source: SCMP