CNI International News

နယူးဒေလီ၊ မေလ ၂၈

အိန္ဒိယသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်ကာလတွင် ဆိုလာစွမ်းအင် ၁၀ ဂစ်ဂါဝပ်အထိ စံချိန်တင် ထုတ်လုပ် နိုင်ခဲ့ပြီး သုံးလပတ်ကာလ အတိုင်းအတာအတွင်း အမြင့်ဆုံးပမာဏ ဖြစ်သည်ဟု Economic Times မှ ဖော်ပြခဲ့ သည်။

ထိုပမာဏသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ် ကာလက ဆိုလာစွမ်းအင် ၂ ဂစ်ဂါဝပ် တပ်ဆင်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက နှစ်အလိုက် ၄၀၀ ရာခိုင်နှုန်း မြင့်တက်လာခြင်ဖြစ်ပြီး Mercom India သုတေသန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

သုံးလပတ် ကာလအလိုက် နှိုင်းယှဉ်မှုတွင် ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်ကာတွင် ၂ ဂစ်ဂါဝပ်ရှိခဲ့ရာမှ ၄၁၄ ရာခိုင်နှုန်းအထိ အံအားသင့်ဖွယ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်ကာလတွင် အိန္ဒိယသည် ဆိုလာပရောဂျက်များမှ ၁ ဒသမ ၈ ဂစ်ဂါဝပ် အပါအဝင် အကြီးစား ဆိုလာစွမ်းအင် ထုတ်လုပ်မှု၏ ၉ ဒသမ ၇ ဂစ်ဂါဝပ်ကို တပ်ဆင်ခဲ့သည်။

ဆိုလာ တပ်ဆင်မှုကိုတွေ့ရစဉ်

ထိုပမာဏသည် သုံးလပတ် ကာလအလိုက် နှိုင်းယှဉ်မှုတွင် ၅၂၄ ရာခိုင်နှုန်းနှင့် နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၅၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

"အရင်သုံးလပတ် ကာလတွေက ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရတဲ့ ဆိုလာပရောဂျက် အချို့ကို ပြန်လည် လုပ်ဆောင်တာကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ် ကာလမှာ ဆိုလာတပ်ဆင်မှုတွေ မြင့်တက်လာခဲ့တာပါ" ဟု Mercom India မှ မန်နေးဂျင်း ဒါရိုက်တာ ပရီယာ ဆန်ဂျေး (Priya Sanjay) က ပြောကြားခဲ့သည်။

ဆိုလာတပ်ဆင်မှု ဈေးနှုန်းများ လျော့ကျမှုနှင့် ဆိုလာတပ်ဆင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့က ဆိုလာမော်ဂျူးများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူတင်သွင်းရန် ညွှန်ကြားခဲ့သဖြင့် ပရောချက်များ အဆင်ပြေချောမွေ့စွာ ပြီးမြောက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆိုလာများကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ် ပထမသုံးလပတ် အကုန်တွင် အိန္ဒိယ၏ အကြီးဆုံး ဆိုလာပရောဂျက် ပိုက်လိုင်းသည် ၁၄၃ ဒသမ ၃ ဂစ်ဂါဝပ်၌ ရှိနေပြီး နောက်ထပ် ၉၃ ဒသမ ၂ ဂစ်ဂါဝပ်ရှိသည့် ပရောဂျက်တင်ဒါများကို ခေါ်ယူခဲ့သည်။

ဆိုလာတင်သွင်း တပ်ဆင်သူများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လမတိုင်မီ ပရောဂျက်များကို အပြီးသတ် လုပ်ဆောင်ရန် ကြိုးပမ်းနေကြသည်။

ထို့နောက် ဆိုလာတပ်ဆင်မည့် စခန်းများအတွက် မြေငှားရမ်းခများသည် စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Economic Times