CNI International News

ဘေကျင်း၊ မေလ ၃၁

တရုတ်နိုင်ငံ၏ ဘဏ်များသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ဘဏ်အပ်နှံငွေ ဆုံးရှုံးမှု ကြီးကြီးမားမားရှိခဲ့ပြီး စုစုပေါင်း ယွမ် ၃ ဒသမ ၉၂ ထရီလျံ (ဒေါ်လာ ၅၄၂ ဘီလျံ) ဆုံးရှုံးခဲ့သည်ဟု Truthmv သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဘဏ်တွင် ငွေအပ်နှံမည့်သူများအား နောက်ထပ် အတိုးနှုန်းများ ကမ်းလှမ်းသည့် ကာလကြာရှည် ကျင့်သုံးခဲ့သော အလေ့အထကို လျှော့ချရန် ရည်ရွယ်ထားသည့် လမ်းညွှန်ချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဘဏ်များ၌  ငွေကြေး အပ်နှံမှုများ လျော့ကျခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့ဗဟိုဘဏ် (PBOC) က ၂၀၂၄ ခုနှစ်၏ ပထမ ၄ လတာ ကာလအတွင်း ယွမ်ငွေကြေး အပ်နှံမှု အသစ်များသည် ၅၁ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၇ ဒသမ ၃၂ ထရီလျံ ရှိခဲ့သည်ဟု ဖော်ပြခဲ့ သည်။ 

ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူက ယွမ် ၁၄ ဒသမ ၉၃ ထရီလျံနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျခဲ့ ခြင်းဖြစ်သည်။

အလားတူပင် ယွမ်ချေးငွေများလည်း သိသာစွာ လျော့ကျခဲ့ပြီး ပြီးခဲ့သည့်နှစ် ပထမ ၄ လတာကာလတွင် ချေးငွေ ယွမ် ၁၁ ဒသမ ၃၂ ထရီလျံရှိခဲ့ရာမှ ယခုနှစ် ပထမ ၄ လတာ ကာလအတွင်း ယွမ် ၁၀ ဒသမ ၁၉ ထရီလျံအထိ ကျဆင်းခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူများကိုတွေ့ရစဉ်

ထိုကဲ့သို့ ဘဏ်လုပ်ငန်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုအခြေအနေသည် လူမှုမီဒီယာများ၌ တွင်တွင်ကျယ်ကျယ် ဖော်ပြခံခဲ့ရခြင်းမရှိပေ။

WeChat လူမှုမီဒီယာတွင် တရုတ်၏ ငွေကြေးကုမ္ပဏီများ၏ နောက်ဆုံး သုတေသန ထုတ်ပြန်ချက် ၇ ခုမှာလည်း ထွက်ပေါ်လာခဲ့ခြင်း မရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြခဲ့သည်။

လက်ရှိ ဘဏ္ဍာရေး အခင်းအကျင်းတွင် အကျဘက်သို့ ရောက်ရှိနေခြင်းသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည့် နိုင်ငံပိုင်ဘဏ်များနှင့် ဒေသန္တရအာဏာပြိုင်များအကြား ဝန်ပိနေသည့် ချေးငွေပြဿနာအပေါ် နောက်ထပ်စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

တရုတ်၏ ကုန်ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည့် စီးပွားရေး နယ်ပယ်တွေ ငွေကြေးထောက်ပံ့မှုသည် ယွမ် ၁၂ ဒသမ ၇၃ ထရီလျံတွင်ရှိနေပြီး ယင်းပမာဏသည် ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါ ယွမ် ၃ ဒသမ ၀၄ ထရီလျံ ကျဆင်းခဲ့သည်။

ထို့ပြင် ယွမ်ငွေကြေး တန်ဖိုးမှာလည်း မေလ ၂၇ ရက်တွင် သီတင်းနှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်း ခဲ့ပြီး တစ်ဒေါ်လာလျှင် ၇ ဒသမ ၂၃၄၇ ယွမ်အထိ ရှိခဲ့သည်။

Source: Truthmv