CNI International News

ဘေကျင်း၊ ဇွန်လ ၅

ဥရောပသမဂ္ဂ (EU)သည် တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့ပြီး မိမိတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် အရေးယူလုပ်ဆောင်သွားမည်ဟု တရုတ်က ပြောကြားခဲ့ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။

EU သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန်ကောက်ခံမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် တရုတ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တရုတ်အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် သဘောထား ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန် ဆန္ဒရှိကြောင်းနှင့် တင်းမာမှုများ ထိန်းမနိုင် သိမ်းမရဖြစ်စေမည့် အခြေအနေအား ရှောင်လွှဲလိုကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင် (Wang Wentao) က စပိန်နိုင်ငံ၌  တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် ပြုလုပ် သည့် အစည်းအဝေးမှာ ပြောကြားခဲ့သည်။

ပြင်သစ်၊ ဂျာမနီနှင့် EU ခေါင်းဆောင်များကလည်း ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားမည် အရေးကို ရှောင်လွှဲလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင်ကို တွေ့ရစဉ်

"EU အနေနဲ့ တရုတ်ကုမ္ပဏီတွေကို ဆက်ပြီးဖိနှိပ်နေဦးမယ်ဆိုရင် တရုတ်ကလည်း တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်မှုရှိတဲ့ အကျိုးစီးပွားတွေကို မြဲမြံစွာကာကွယ်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံးကို လုပ်ဆောင် သွားမှာပါ" ဟု ဝမ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

EU သည် တရုတ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် တရုတ်ကုန်စည်များ ဥရောပဈေးကွက်အတွင်း စုပြုံဝင်ရောက် လာမည့်အရေးကို တားဆီးရန်အတွက် တရုတ်၏ပို့ကုန်များအပေါ် တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။

EU အနေနှင့် တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များ ကောက်ခံမည်ဆိုပါက တရုတ်၏ လျှပ်စစ်ကားများ တင်ပို့ရောင်းချသည့် ကုမ္ပဏီများကို အကြောင်းကြားရမည်ဖြစ်ပြီး အခွန်တိုးမြှင့် ကောက်ခံမှုများသည် ဇွန်လ အစောပိုင်းတွင် စတင်ဖွယ်ရှိကာ ဇူလိုင်လထဲ၌ စတင်အကျုံးဝင် သက်ရောက်ဖွယ်ရှိသည်။

တရုတ်နိုင်ငံကလည်း ဥရောပ၏ ဘရန်ဒီအရက်များ ဈေးကွက်ထဲ စုပြုံဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဥရောပလုပ်ကားများနှင့် ဝက်သားတင်ပို့မှုများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခြင်းဖြင့် တုန့်ပြန်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

EU အနေဖြင့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးထားသည့် ဝါဒကို စွန့်လွှတ်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကြိုးပမ်းသင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

Source: Bloomberg