CNI International News

ဘေကျင်း၊ ဇွန်လ ၁၂

ဥရောပသမဂ္ဂက တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများအပေါ် အခွန်များကောက်ခံရန် ပြင်ဆင်နေသဖြင့် Volvo Car AB ကုမ္ပဏီသည် လျှပ်စစ်ကား ထုတ်လုပ်မှုများကို တရုတ်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ စတင်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။

Volvo ၏ EX30 နှင့် EX90 လျှပ်စစ်ကား မော်ဒယ်များထုတ်လုပ်မှုကို ဘယ်လ်ဂျီယံတွင် ပြောင်းလဲထုတ်လုပ် နေမှုနှင့်အတူ အခြား ကားမော်ဒယ်များကိုလည်း ဗြိတိန်၌ ပြောင်းလဲထုတ်လုပ်ဖွယ်ရှိသည်ဟု အမည်မဖော် လိုသည့် သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

တရုတ်၏ Zhejiang Geely Holding Group ကုမ္ပဏီက ပိုင်ဆိုင်သည့် Volvo ကုမ္ပဏီသည် အနောက်နိုင်ငံများ တွင် အခွန်အများဆုံး ကောက်ခံရနိုင်ခြေရှိသော ကားကုမ္ပဏီတစ်ခုအဖြစ် ရှုမြင်ခံထားရသည်ဟု Times မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ မျှတမှုမရှိသည့် ထောက်ပံ့မှုများဖြင့် ဥရောပဈေးကွက်များတွင် တရုတ်လုပ် ကားများနှင့် အခြားကုန်စည်များ စုပြုံဝင်ရောက်လာမည့် အရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂနှင့် တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေသည်။

ဥရောပသမဂ္ဂသည် ဇူလိုင် ၄ ရက်မှစတင်ပြီး တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းအား လက်ရှိ ၁၀ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံသွားမည့် အကြောင်းကို ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများသို့ အကြောင်းကြားဖွယ်ရှိနေသည်။

 Volvo ကား စက်ရုံကို တွေ့ရစဉ်

Volvo ကားကုမ္ပဏီကမူ Times မဂ္ဂဇင်း၏ ဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး နောက်ထပ် ဖြစ်လာနိုင်ခြေရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ ထင်ကြေးပေးရန် အချိန်စော လွန်းနေသေးကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံတွင် EX30 မော်ဒယ်များကို ထုတ်လုပ်မည့် ဆုံးဖြတ်ချက်သည် မိမိတို့ ထုတ်လုပ်ထားသည့် ကားများကို ဘယ်လ်ဂျီယံတွင် အမြန်ဆုံးရောင်းချလိုသော ရည်ရွယ်ချက်အား ပြသရာရောက်ကြောင်း Volvo ကားကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် လုပ်ဆောင်နေပြီး တရုတ်၏ အကျိုးစီးပွားအား ကာကွယ်ရန် အရေးယူ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် ပြည်တွင်းဈေးကွက်ကို ပြည်ပ၏ ယှဉ်ပြိုင်မှုမှ ကာကွယ်ထားသည့် ဝါဒအား စွန့်လွှတ်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်သို့ ပြန်လာရန် တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင် (Wang Wentao) က ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Source: Bloomberg