CNI International News

ဟနွိုင်း၊ ဇွန်လ ၇

ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်သည့် ထရွန်မိုင်လန် (Truong My Lan) သည် ဗီယက်နမ်၏ အကြီးဆုံး ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံတစ်ခုဖြစ်သည့် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံတန်ကြေးရှိ ငွေကြေးများကို ပြည်တွင်းနှင့် ပြည်ပသို့ တရားမဝင် လွှဲပြောင်းမှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အဆိုပါ ငွေကြေးလွှဲပြောင်းမှုများနှင့် ငွေမည်းခဝါချမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုသည် အပြီးသတ်သွားပြီဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက် ညပိုင်းတွင် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

လန်သည် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကို ပြည်ပသို့ တရားမဝင် လွှဲပြောင်းခဲ့ပြီး ဒေါ်လာ ၃ ဘီလျံကို နိုင်ငံအတွင်း တရားမဝင် လွှဲပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သော်လည်း မည်သည့်နိုင်ငံများသို့ လွှဲပြောင်းခဲ့သည်ဆိုခြင်းနှင့် မည်သူများက လက်ခံခဲ့သည်ဆိုခြင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဗီယက်နမ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ဧပြီလ အတွင်းကလည်း တရားရုံးတစ်ရုံးက လန်ကို ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ်(SCB) မှ ဒေါ်လာ ၁၂ ဘီလျံ ကျော် လျှို့ဝှက်ထုတ်ယူမှုတွင် ပါဝင်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

ဘဏ်များတွင် ရှယ်ယာပမာဏပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး စည်းကမ်းများ တင်းကျပ်ထားသည့်တိုင် ထိုအမှု၌  လန်သည် ဒါဇင်နှင့်ချီသည့် ကြားခံကိုယ်စားလှယ်များကို အသုံးချပြီး ထိန်းချုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၆ ရက်က အမှုနှင့်ပတ်သက်ပြီး SCB နှင့် လန်၏ တရားရေး ကိုယ်စားလှယ်များက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

လန်သည် SCB နှင့် တရားမဝင် အာမခံစာချုပ်များမှ ရရှိသည့် ငွေများ အပါအဝင် ဒေါ်လာ ၂၃ ဒသမ ၆ ဘီလျံကို ငွေမည်းခဝါချမှုနှင့်လည်း စွပ်စွဲခံထားရသည်ဟု Thanh Nien သတင်းစာက ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်