CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊  ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် စစ်ဆင်ရေးကာလမှာ ၄ လအထိ ကြာမြင့်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည်။

ထိုနှိမ်နင်းရေး ပေါ်လစီနှင့်ပတ်သက်၍ ရေးဆွဲနေဆဲဖြစ်၍ ပြည့်စုံသွားပါက တရားဝင်ထုတ်ပြန်ပြီး စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် လက်ရှိတွင် ခရီးသွားလုပ်ငန်းများရှိသည့် နေရာဒေသများ၌ ဖမ်းဆီး စစ်ဆေးမှုများ စတင်ပြုလုပ် နေသည်ကို တွေ့ရကြောင်း  ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှင်းရှင်းပြောရရင် သူတို့က အခုကလုပ်မယ်လို့ပြောတာ။ တကယ့်တကယ်က လုပ်နေတာပဲ။ အထူးသဖြင့် ခရီးသွားလုပ်ငန်းတွေရှိတဲ့ ဒေသတွေမှာပေါ့။ ဝင်ပြီးတော့ စစ်ဆေးဖမ်းဆီးနေတာ။ အဲဒါတွေက ဘေးကနေပြီးမှ အကြောင်းကြောင်းကြောင့်နဲ့ တိုင်တန်းနေတဲ့ အတွက်ကြောင့်မို့လို့ ဖမ်းဆီးတဲ့ဟာမျိုး ဖြစ်တာပေါ့။ ပုံမှန် ပြည်နယ် အလိုက်မှာရှိတဲ့ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေး အောက်ကနေပြီးတော့ စုံစမ်းစစ်ဆေးရေး ဒီတရားမဝင် အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲဖြစ်ဖြစ် တာဝန်ပေးထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်းတွေ သူတို့ရဲ့ အောက်မှာ ရှိတယ်။ သူတို့တွေကတော့ ပုံမှန် သတင်းရရင် ရသလို ဒါမှ မဟုတ်လည်း သူတို့ ရဲ့ တစ်နှစ်မှာ ဥပမာ ၃ လတစ်ကြိမ်ပေါ့ စသည်ဖြင့် အဲဒါမျိုးပုံမှန် ကွင်းဆင်းစစ်ဆေးတဲ့ ဟာတွေ ဒါမျိုးတွေက တော့ ပုံမှန်လုပ်တာကို”ဟု ပြောသည်။

ထိုင်းအာဏာပိုင်အဖွဲ့ကို တွေ့ရစဉ်

ထို့အပြင် မြန်မာ အပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ် ခွင့် လက်မှတ် (ဘတ်ပန်းရောင်ကဒ်) အသစ် ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပြီဖြစ် ကြောင်း ထိုင်းအစိုးရက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ကြေညာထားသည်။
သို့သော် မည်သည့်ကာလတွင် စတင် အကောင်အထည်ဖော်မည်အား အတိအကျ မသိရပေ။

ထိုသို့ လူသစ်ဘတ်ရိုက်ပေးမည့် အစီအစဉ်အား ထိုင်းအစိုးရအဖွဲ့မှ ပြုလုပ်ပေးမည် ဖြစ်သောကြောင့် တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းမည့် စစ်ဆင်ရေးသည် ခြိမ်းခြောက်သည့် အခြေအနေတစ်ခုသာ ဖြစ်နိုင်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ထင်ပါတယ် ကစားကွက်တွေကတော့ အများကြီးပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့ရဲ့ ပေါ်လစီမူဝါဒ တွေနဲ့ ကစား‌နေတာတွေက အများကြီးပါ။ ရွှေ့ပြောင်းအလုပ်သမားတွေကို နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုလုပ်ပေး တယ်ဆိုလည်း သူ့ရဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာ မြောက်များစွာ တိုးပွားလာတဲ့အတွက်ကြောင့် ၅ ရက်နေ့က ကြေညာတဲ့ ဟာက မြေပြင်မှာတော့ သွားလာလှုပ်ရှားပြီးမှ စစ်ဆေးနေတာ တွေ့ရှိရပါတယ်။ အရမ်းကြီး အင်တိုက်အားတိုက် ပိုက်စိပ်တိုက် စစ်ဆေးအရေးယူတာမျိုး မလုပ်ဘဲနဲ့ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် အဲဒီလို လျှောက်ပြပြီးမှ အခု ဖွင့်လိုက်တဲ့(ဘတ်အသစ်)မှာ အလုံးအရင်းနဲ့ ဝင်လာအောင် ဘတ်ဂျက်ငွေတွေ တအား တိုးပွားလာအောင် ဖန်တီး ပြီးတော့ ကစားတယ်လို့ပဲ ကျနော်သုံးသပ်ပါတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်နဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ဇွန်လ ၅ ရက်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေး အစည်းအဝေးတွင် လူသစ်ဘတ်ရိုက် ပေးရန်အတွက် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး တရားမဝင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် အသစ် ပြုလုပ် ပေးရန်ဖြစ်ကြောင်း၊  ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသား ဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ် နေရမည်ဖြစ်ကြောင်း သိရသည်။ 

အလုပ်လုပ်ခွင့် လက်မှတ် ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ အလုပ်ရှင် ပြောင်းရန် အချိန်မလုံလောက်သဖြင့် တရားမဝင် ဖြစ်သွားသူများလည်း ၎င်းအစီအစဉ်တွင် အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။