CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုအနေဖြင့် လက်ရှိ မိုးရာသီကာလတွင် တင်ပို့နိုင်မှုနှုန်း ကျဆင်းလျက် ရှိနေပြီး ပြီးခဲ့သည့်နှစ်ထက် လျော့ကျလျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မိုးရာသီဖြစ်နေခြင်း၊ သင်္ဘောနှင့် ကုန်တင်ကား အခက်အခဲ ဖြစ်နေခြင်း၊ လုပ်သားအခက်အခဲများ ဖြစ်နေခြင်း ကြောင့် ဆန်တင်ပို့နိုင်သည့် နှုန်းထားသည် ကျဆင်းလျက်ရှိနေသည်။

ပုံမှန် ၁ လလျှင် တန်ချိန် ၁ သိန်းခွဲခန့် တင်ပို့နိုင်သော်လည်း လက်ရှိတွင် တန်ချိန် ၁ သိန်းပင် ပြည့်မှီနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်ပတင်ပို့မှုက အခုက မိုးရာသီဆိုတော့လေ ကွန်တိန်နာနဲ့ သွားတာတော့ သိပ်ပြဿနာ မရှိဘူး။ သင်္ဘောကြီးနဲ့ တင်ရတာတော့ နည်းနည်းလေး ရာသီဥတု အခြေအနေကြောင့် တင်အားလျော့တယ်။ နောက် ကားအခက်အခဲ ရှိတယ်။ ပို့ကုန်တွေဘက်ကျတော့ အလုပ်သမား အခက်အခဲ ရှိတယ်။ တင်တာတော့ တင်နေ တယ်။ ဒါပေမယ့် တင်တဲ့နှုန်းတွေကတော့ သိပ်မမြင့်ဘူး ဖြစ်နေပါတယ်။ ပုံမှန်လတွေနဲ့တော့ တခါတလေကျရင် ယှဉ်လို့မရဘူး။ မနှစ်ကနဲ့ နည်းနည်းလေး ကွာတာပေါ့။ ဒီအချိန်ဆိုရင်တော့ ပုံမှန်တော့ ကျတတ်တယ်။ ဒါပေမယ့် ဒီနှစ်တော့ မိုးနည်းနည်း ပိုများတယ်။ အဲဒီအတွက်ကို နည်းနည်းလေး ပိုပြီး တင်အားတော့ ပိုလျော့တယ်။ ခါတိုင်း ပုံမှန်ထက်ဆိုလည်း ပုံမှန် ၁ လကို ကျနော်တို့ဆီက တန် ၁ သိန်းခွဲ ပတ်ဝန်းကျင်ပေါ့။ ၁ သိန်းခွဲ ပတ်ဝန်းကျင် ပျမ်းမျှလောက် သွားတာပေါ့။ ဒီလတွေဆို ၁ သိန်း မပြည့်လောက်ဘူး” ဟု ပြောသည်။

ဆန်အိတ်များ သယ်နေကြစဉ်

လက်ရှိတွင် ပြည်ပသို့ ဆန်တန်ချိန် ၁၃၀,၀၀၀ ကျော် တင်ပို့နိုင်ရန်အတွက် ပြည်တွင်း ဆိပ်ကမ်း ၈ ခုတွင် သင်္ဘော ၈ စင်း ဆိုက်ကပ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် လျာထားမှုသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ကျန်ရှိသည့်လများတွင် ဆန်တန်ချိန် ပမာဏ အမြောက်အများ တင်ပို့ နိုင်ရန်အတွက် တခြားနည်းလမ်းများ ရှာဖွေနေကြောင်း ဆန်ကုန်သည်များက ပြောသည်။

ဆန်ကို ဆန်ကွဲတင်သည့်ပုံစံဖြင့် သင်္ဘောဝမ်းပိုက်တွင် စုပုံသည့် နည်းလမ်းဖြင့် သော်လည်းကောင်း လုပ်ဆောင် ရန်အတွက် ကြိုးစားနေကြောင်းလည်း သိရသည်။

ထို့နောက် ဆန်တင်ရာတွင် အသုံးပြုရသည့် ကုန်တင်ကားများ ပြည်ပမှ တင်သွင်းခွင့် ပြုရန်အတွက်လည်း တောင်းဆိုထားကြောင်း၊ လက်ရှိ မိုးတွင်းကာလတွင် ဆန်အဟောင်း လက်ကျန် ပေါများချိန်ဖြစ်သည့်အတွက် ပြည်ပသို့ ဆန်အမြောက်အများ တင်ပို့နိုင်ရန် လိုအပ်သည်ဟု ဆန်ကုန်သည် ဦးအောင်လင်းက CNI သတင်းဌာန သို့ ပြောသည်။

ဆန်အိတ်များ သယ်နေကြစဉ်

၎င်းက “အခုက ကားတွေ နည်းနည်း ထပ်သွင်းရမယ်၊ နောက် ကမ်းနားတွေမှာ နည်းနည်းလေး အဆင့်မြင့်တဲ့ မိုးရွာရင်လည်း ဘယ်လို သင်္ဘောထဲကို ချလို့ရမယ် အဲဒီနည်းပညာတွေတော့ ရှာနေပါတယ်။ ဆန်ကို ဝမ်းပုံသွားတဲ့ ဆန်ကွဲတို့ ဘာတို့ ဝမ်းပုံသွားတာ ရှိတယ်။ နောက် ကားတွေကလည်း နည်းနည်း နည်းသွားတယ်။ ကားတွေက လည်း သွင်းတာ နည်းနည်းလေး ထပ်သွင်းတဲ့ ကားပါမစ်တွေမရတော့ ကားအသစ်တွေက အများကြီး မသွင်းနိုင် ဘူး။ ကားအဟောင်းတွေက ယိုယွင်းလာတယ်။ အဲဒီအတွက် ကားတွေလည်း နည်းနည်းပြန်သွင်းဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဆန်တင်တဲ့ ဂိုဒေါင်နဲ့ ကမ်းနားကို တင်တဲ့ ကားတွေပေါ့။ မိုးတွင်းမှာ များများတင်နိုင်ရင်တော့ မဆိုးဘူး ပေါ့လေ၊ ဒီအချိန်က ဆန် သိပ်မရှားသေးဘူး။ မိုးကုန်တဲ့အချိန် ၈ လ၊ ၉ လဆိုရင်တော့ ဆန်က အသစ်ပေါ်ခါနီး အဟောင်းနည်းနည်းလေး ရှားတဲ့အချိန်ကျတော့လည်း ဆန်ဈေးက နည်းနည်း မြင့်တက်တယ်၊ အဲဒီအချိန်ကျ တော့လည်း export နည်းနည်းကျတတ်ပါတယ်၊ နည်းသွားတာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ဝန်းကျင်ခန့် ပို့ကုန်ဝင်ငွေ ရရှိနေပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်မှ သန်း ၁၀၀၀ ကြား ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။