CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

မလေးရှားနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသူများထဲတွင် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာ သည့် အသက်မပြည့်သေးသော မြန်မာလုပ်သား ယခင်ကထက် ပိုများလာကြောင်း မလေးရှားရှိ မြန်မာပရဟိတ အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာဥပဒေအရ အသက်မပြည့်သေးသူများအား လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ခွင့်မပြုထားသော်လည်း အသက်မပြည့်သေးသည့် မြန်မာလုပ်သားများမှာ ယခင်ကတည်းက မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင် နေကြခြင်းဖြစ်ကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင် ပိုများလာကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေးကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“လက်ရှိမှာတော့ အသက်မပြည့်သေးတဲ့ကလေးတွေ အများကြီး ဝင်ရောက်လာတာ တွေ့ရတာပေါ့နော်။ အရင်ကထက်စာရင် ပိုပြီးတော့များလာတာကို တွေ့ရပါတယ် အခုနောက်ပိုင်းမှာပေါ့လေ။ အရင်က မရှိခဲ့တာ မဟုတ်ဘူး။ ရှိခဲ့ပါတယ် ဒီအကျဉ်းထောင်တွေမှာ ကလေးတွေဆိုရင် ၁၈ နှစ်အောက် ၂၁ နှစ်အောက် ဆိုပြီး သီးသန့်ခွဲထားတဲ့ အကျဉ်းထောင်တို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းတို့ဆိုတာ အရင်ကတည်းက ထားခဲ့ပါတယ်။ မရှိခဲ့တာမဟုတ်ဘူး ရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း အခုအချိန်မှာ အသစ်ထပ်ဖွင့်တာတွေကိုတောင် တွေ့ရပါတယ် ဒီအသက်မပြည့်တဲ့ကလေးတွေကို ထိန်းသိမ်းဖို့နေရာ သီးသန့်ထပ်ဖွင့်နေတာကို တွေ့ရပါတယ်။ ပြီးတော့ ဖမ်းဆီးမှုတွေလည်း ပိုများပါတယ်။ အရင်က အဲဒီလောက်ကြီး မဟုတ်ခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

အသက်မပြည့်သေးသူများအား ကလေးထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ကာ နေရပ်ပြန်ပို့ခြင်း လုပ်ဆောင် ကြောင်းနှင့် လက်ရှိတွင် ၎င်းထိန်းသိမ်းရေးစခန်းများ ထပ်တိုးဖွင့်လှစ်လာနေခြင်းသည် အသက်မပြည့်သေးသည့် လုပ်သားဦးရေ များပြားလာသည်ဟု သတ်မှတ်၍ ရကြောင်းလည်း သုံးသပ်ကြသည်။

မလေးရှားနိုင်ငံရှိ စက်ရုံအလုပ်ရုံတစ်ခုမြင်ကွင်း

အချို့ အသက်မပြည့်သေးသူများအနေဖြင့် လုပ်ငန်းခွင်များတွင် အသက်အား လိမ်လည်၍ အလုပ်လုပ်ကိုင် နေကြ ခြင်းဖြစ်သော်လည်း အချို့လုပ်ငန်းခွင်များတွင် အသက်မပြည့်သေးသူများအား နားလည်မှုဖြင့် စေခိုင်းနေကြခြင်း ဖြစ်ကြောင်း ရတနာစက္ကနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ လုပ်သားများမှာ မြို့ပေါ်တွင် လုပ်ကိုင်ကြသူ အနည်းငယ်သာရှိပြီး တောထဲရှိ စိုက်ပျိုးရေး၊ မွေးမြူရေးခြံ များတွင် လုပ်ကိုင်ကြသူမှာ ပိုများကြောင်းလည်း ၎င်းက ပြောသည်။

“ဒီမှာက များသောအားဖြင့် တရုတ်သူဌေးတွေပေါ့။ သူတို့ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုတော့ မပေးဘူးပေါ့။ မင်းတို့ဖြစ်ရင် မင်းတို့ခံပေါ့လေ။ မင်းတို့လွတ်အောင်ပြေး အကယ်၍ မိတယ်ဆိုလို့ရှိရင်လည်း ငါ့ဆီမှာ လုပ်တယ် လို့ မပြောနဲ့ပေါ့ အဲဒါမျိုးသဘောတူညီချက်ယူရင် ငါမင်းတို့ကို အလုပ်ခန့်မယ်ဆိုတော့ ဒီကလေးတွေမှာလည်း ရွေးချယ်စရာမရှိဘူးပေါ့။ အဓိကကတော့ အလုပ်ရဖို့က အရေးကြီးတယ်ဆိုတော့ အားလုံးပဲ ခေါင်းငြိမ့်လိုက်ရတာ ပေါ့လေ။ အဓိကအားဖြင့် တိုင်းရင်းသားတွေက ပိုများတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဇွန်လကုန်၌ RTK 2.0 ပါမစ်စတစ်ကာများအား အပြီးသတ်ထုတ်ပေးမည်ဖြစ်သောကြောင့် RTK 3.0 ထပ်မံဖွင့်ပေးမည်ဟု ပွဲစားများမှ လူသစ်စုဆောင်းရန် လိမ်လည်ပြောဆိုနေမှုများလည်း ရှိနေသည်။

မလေးရှားနိုင်ငံသည် လက်ရှိတွင် တရားမဝင် နိုင်ငံခြားသားများကို လျှော့ချနေခြင်းဖြစ်သည့်အတွက် RTK 3.0 ဖွင့်ပေးရန်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ဖွယ်ရှိသေးကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မားများက သုံးသပ်ထားကြသည်။