CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

စပိန်အသင်းနည်းပြ အင်းနရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကတည်းက ပင်နယ်တီ ၁,၀၀၀ လောက် ကန်သွင်း လေ့ကျင့်ထားပေမယ့် အဆုံးအဖြတ် ကန်သွင်းတဲ့အချိန်မှာ မလုံလောက်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

အင်းနရစ်က “ အိမ်စာတွေ ပြီးဆုံးသွားပြီလို့ တွေးခဲ့မိပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက စပိန်လေ့ကျင့်ရေး စခန်းမှာ အနည်းဆုံး ပင်နယ်တီ ၁,၀၀၀ လောက် ကန်သွင်းပြီး ကမ္ဘာ့ဖလားကို ရောက်လာဖို့ ပြောခဲ့ပါတယ်။ ပင်နယ်တီ လေ့ကျင့်ဖို့ ဒီကိုရောက်တဲ့အထိ စောင့်ရတာတောင် မလုံလောက်ခဲ့ဘူး”လို့ ပြောခဲ့တာပါ။

စပိန်အသင်းဟာ ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်းရော၊ အချိန်ပိုမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ စပိန်အသင်း ဟာ ပင်နယ်တီ အများအပြား ကန်သွင်း လေ့ကျင့်ခဲ့တယ်လို့ နည်းပြက ပြောခဲ့ပေမယ့် အဆုံးအဖြတ် ကန်သွင်းတဲ့ အချိန်မှာ ဆိုလာ၊ ဆာရာဘီယာနဲ့ ဘတ်စ်ကွက်တို့ ၃ ဦးစလုံး ဂိုးမဝင်ခဲ့ပါဘူး။

အဲ့ဒါကြောင့် မော်ရိုကိုအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

စပိန်အသင်းသားများနဲ့ နည်းပြ အင်းနရစ်ကိုတွေ့ရစဉ်

စပိန်အသင်း ကွင်းလယ်ကစားသမား ရိုဒရီက သူတို့အသင်း နောက်တဆင့်တက်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

ရိုဒရီက “ အခုတော့ ကျနော်တို့ အိမ်ပြန်ရတော့မှာပါ။ ဒါဟာ တကယ်ကို ဆိုးရွားပါတယ်။ ကျနော့်အတွက်တော့ အဆိုးရွားဆုံး နေ့တနေ့ပါပဲ။ မော်ရိုကိုက ကျနော်တို့ မျှော်လင့်ထားသလိုပဲ နောက်တန်းမှာ ၁၁ ယောက်နဲ့ ကစားခဲ့ တာပါ။ ဒါပေမယ့် ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ပင်နယ်တီဆိုတာ ထီထိုးရသလိုပါပဲ”လို့ ပြောခဲ့တာပါ။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပင်နယ်တီ ၄ ကြိမ်အထိ အရေးနိမ့်ခဲ့တဲ့ ပထမဆုံး နိုင်ငံအသင်းဖြစ်ခဲ့သလို ၂၀၀၆ က ယူကရိန်းနဲ့ ဆွစ်ဇာလန်ပွဲ နောက်ပိုင်း ပင်နယ်တီ အဆုံးအဖြတ်မှာ ၁ ဂိုးမှ မသွင်းယူနိုင်တဲ့ ဒုတိယ မြောက် အသင်း ဖြစ်ခဲ့ပါတယ်။

မော်ရိုကိုအသင်းကတော့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal