CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ဝိန်းရွန်းနီက မန်စီးတီးအသင်းထက် အာဆင်နယ်အသင်းကိုသာ ပရီးမီးယားလိဂ်ဖလား ရစေချင်တယ်လို့ ပြောလိုက်ပါတယ်။

ဝိန်းရွန်းနီက “အာဆင်နယ်အသင်းဟာ ဒီနေရာမှာ အကြာကြီးမရှိခဲ့လို့ ဒါက ဖိအားတွေ အများကြီး ရှိနိုင်ပါတယ်။ ရာသီကုန်ဖို့ ၇ ပွဲ၊ ၈ ပွဲလောက်ရောက်လာရင် ဖိအားတွေဟာ စတင်ဝင်ရောက်လာပါပြီ။ သူတို့တစ်ရာသီလုံး လုပ် ဆောင်ထားတဲ့ အရာတွေကို ဆက်ထိန်းထားနိုင်မလား ဆိုတာကို ကြည့်ရမှာကို အလွန် စိတ်ဝင်စားပါတယ်။ မန်စီးတီးကလည်း ဒီနေရာမှာပဲ ရှိနေမယ် ထင်ပါတယ်။ မန်စီးတီးကတော့ ပြီးခဲ့တဲ့နှစ်တွေက လိဂ်ဖလား ရယူနိုင် ခဲ့သလို သူတို့မှာ ဆုဖလားရယူနိုင်တဲ့ အတွေ့အကြုံရှိ နည်းပြ ဂွာဒီယိုလာလည်း ရှိပါတယ်။ ကျနော်ကတော့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းကြား ဘယ်အသင်းကို ရစေချင်လဲဆိုရင်တော့ အာဆင်နယ်အသင်းကိုပဲ ရစေချင် ပါတယ်”လို့ CNN ကို ပြောခဲ့တာပါ။

အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ဒုတိယ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေ တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ် နိုင်ခဲ့ပေမယ့် အခုနှစ် ရာသီမှာတော့ ခြေစွမ်း တသမတ်တည်းရှိခဲ့ကာ အဆင့် ၁ နေရာကို ရယူပြီး ချန်ပီယံဆု ပြေးလမ်းကြောင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ၁၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အခုနှစ်ရာသီမှာ အဆုံး သတ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းရဲ့ ဖိအားပေးမှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီး အသင်းကို တွေ့ရစဉ်

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန် ၁၀ ပွဲမှာ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နဲ့ တွေ့ဆုံရမယ့် ပွဲကြီးပွဲကောင်းတွေ ပါဝင်နေတာပါ။

ဒါပေမယ့် ဝိန်းရွန်းနီကတော့ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်း ရယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အသင်းဟောင်း ယူနိုက်တက်ကတော့ ဆုဖလားပြိုင်ပွဲမှာ မပါဝင်တော့ဘူးလို့လည်း ဝိန်းရွန်းနီက ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားအပြီးမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၁၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

ဝိန်းရွန်းနီက “ယူနိုက်တက်ကတော့ ဒီပြိုင်ပွဲမှာ မပါဝင်ဖို့ ပြီးဆုံးသလောက် ဖြစ်သွားပါပြီ။ အပြည့်အဝ မဟုတ် သေးပေမယ့် ပြီးဆုံးလု နီးပါး ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီး ကတော့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro