CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

ဗြိတိန်ဟဲဗီးဝိတ် လက်ဝှေ့သမား အန်သိုနီဂျိုရွှာက ဖရန်ကလင်မ်ကို အနိုင်ရပြီးနောက် လာမယ့် ၃ လအတွင်းမှာ လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်မယ်လို့ ပြောခဲ့ပါတယ်။

အန်သိုနီဂျိုရွှာက “ဖရန်ကလင်မ်နဲ့ ပွဲစဉ် မတိုင်ခင်ကဆိုရင် ပွဲနဲ့ ဝေးခဲ့တာ ၉ လ ကြာခဲ့ပါတယ်။ အဲဒီလောက် အကြာကြီး ပွဲနဲ့ မဝေးချင်ပါဘူး။ နောက် ၃ လနေရင် ကျနော် ပြန်လာချင်ပါတယ်။ နောက် ၃ လမှာ ထိုးသတ် ချင်တယ်ဆိုတာ သေချာပေမယ့် ဘယ်သူနဲ့ ထိုးသတ်ရမလဲဆိုတာတော့ မသိသေးပါဘူး”လို့ ပြောခဲ့တာပါ။

အန်သိုနီဂျိုရွှာဟာ ဖရန်ကလင်မ်ကို အနိုင်ရတဲ့ ပွဲမတိုင်ခင် ယူကရိန်း လက်ဝှေ့သမား အူဆက်ခ်ကို ၂ ကြိမ် ဆက် တိုက် အရေးနိမ့်ခဲ့ပြီး WBA (Super)၊IBF နဲ့ WBO ကမ္ဘာ့ချန်ပီယံခါးပတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်က ထိုးသတ်ခဲ့တဲ့ ဖရန်ကလင်မ်နဲ့ ပွဲကတော့ အန်သိုနီဂျိုရွှာအတွက် ၂ နှစ်ကျော်အကြာမှ ပထမဆုံး နိုင်ပွဲ ဖြစ်ခဲ့တာပါ။ အန်သိုနီဂျိုရွှာဟာ တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ဖို့ အတွက်လည်း သတင်းတွေ ထွက်ခဲ့ပေမယ့် အခု အချိန်ထိ သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာကို တွေ့ရစဉ်

ဗြိတိန်ဟဲဗီးဝိတ် လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဒီလီယန်ဝှိုက်က အန်သိုနီဂျိုရွှာဟာ ဖရန်ကလင်မ်ကို အနိုင် ရပြီးတဲ့ အချိန်မှာ နောက်ထပ် မထိုးသတ်ချင်တော့တဲ့ လက္ခဏာတွေကို ပြသခဲ့တယ်လို့ ပြောခဲ့တာပါ။

“အန်သိုနီဂျိုရွှာ အနေနဲ့ နောက်ထပ် မထိုးသတ်ချင်တော့ဘူး ဆိုရင်တော့ သူရပ်တန့် လိုက်သင့်ပြီလို့ ထင်ကြောင်း” ဒီလီယန်ဝှိုက်က BBC Radio 5 Live ကို ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန် လက်ဝှေ့သမားဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၂၈ ပွဲ အထိ ထိုးသတ်ခဲ့တာမှာ ၂၅ ပွဲအထိ အနိုင်ရခဲ့ပြီး ၃ ပွဲသာ အရေးနိမ့်ထားတာပါ။

အန်သိုနီဂျိုရွှာဟာ ဒီအရေးနိမ့်ခဲ့တဲ့ ၃ ပွဲထဲမှာ အူဆက်ခ်နဲ့ ၂ ပွဲ ပါဝင်ခဲ့ပြီး ကျန် ၁ ပွဲကတော့ ၂၀၁၉ က အန်ဒီရူးဝစ် ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC