CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄

ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇနီဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရင်ဘတ်အောင့်ပြီး အသက်ရှုဖို့ ခက်ခဲ့တာကြောင့် ကြောက်ရွံ့မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆက်ဇနီက "အခုတော့ အဆင်ပြေသွားပါပြီ။အနည်းငယ် စိုးရိမ်မိပေမယ့် ကျနော်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး အရာအားလုံးအဆင်ပြေပါတယ်။ကျနော်ကြောက်ရွံ့မိပါတယ်။အရင်က ဒီလိုမျိုးတစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။အသက်ရှုဖို့ ခက်ခဲခဲ့လို့ အလွန်စိုးရိမ်မိပြီး မျက်ရည်ကျခဲ့တာပါ"လို့ Sky Sport Italia ကိုပြောခဲ့တာပါ။

ဆက်ဇနီဟာ ဂျူဗင်တပ်စ်နဲ့ စပို့တင်းလစ္စဘွန်းတို့ပွဲစဉ်ရဲ့ပွဲချိန် ၄၁ မိနစ်မှာ ရင်ဘတ်အောင့်လာလို့ ဆေးအဖွဲ့ရဲ့ ကုသမှုခံယူခဲ့ရပြီး ၂ မိနစ်ကျော်အကြာမှာ ဂိုးသမား ပီရင်နဲ့ လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။

ဆက်ဇနီဟာ ကွင်းထဲက ထွက်ခွာလာချိန်မျာ ငိုကြွေးနေခဲ့တာဖြစ်ပြီး ပွဲကြည့်ပရိသတ်တွေဟာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းရဲ့နံပါတ်တစ်ဂိုးသမားအဖြစ် လက်စွမ်းပြနေတာဖြစ်ပြီး လာမယ့် ဆက်ဆူအိုလိုနဲ့ စီးရီးအေပွဲမှာ ပွဲထွက်ပါဝင်နိုင်ဖွယ် ရှိ၊မရှိတော့ မသိရသေးပါဘူး။

ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးကို ဂတ်တီက သွင်းယူခဲ့တာဖြစ်ပါတယ်။

Source: Fotmob