CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက အကြီးတန်း တာဝန်ရှိ ဒိုင်လူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီထံ ငွေပေး ချေမှုဟာ အကြံပေး ကိစ္စရပ်တွေ အတွက်သာဖြစ်ပြီး ပြစ်မှုရှိတယ်လို့ စွပ်စွဲထားတာကို ငြင်းဆန်လိုက်ပါတယ်။

လာပေါ်တာက “အကြံဉာဏ်ပေးမှုဟာ ဘယ်လို အကျင့်ပျက် ခြစားမှုမျိုးမှာမှ မပါဝင်သလို ပြစ်မှုလည်း မမြောက် ပါဘူး။ စပိန်အခွန်ဌာနက အစိုးရရှေ့နေရုံးကို စာတစ်စောင်ပို့ခဲ့ပြီး မစ္စတာနီဂရီရာနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေထံ ငွေပေးချေမှုက ပွဲရလဒ်အပေါ် လွှမ်းမိုးမှု ရှိတယ်ဆိုတာကို သက်သေ မပြနိုင်ပါဘူး။ ဒါက ကျနော်တို့ သမိုင်းမှာ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုပါ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ၂၀၀၁ ကနေ ၂၀၁၈ အထိ စပိန်ဒိုင်လူကြီးများ ကော်မတီရဲ့ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထံ ယူရို ၈.၄ သန်း ပေးချေခဲ့တယ်ဆိုပြီး စပိန်အစိုးရရှေ့နေတွေက စွပ်စွဲထားပေမယ့် စပိန် ကလပ်ကတော့ ဒီငွေပေးချေမှုဟာ အကြံပေးကိစ္စအတွက်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းကိုတွေ့ရစဉ်

လာပေါ်တာဟာ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကလပ်အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်တာမှာ ဘယ်လို အမှားအယွင်းမှ မရှိခဲ့ဘဲ ဒါက ဘာစီလိုနာကို အသရေဖျက်ဖို့ ကြိုးကိုင်တဲ့ လှုပ်ရှားမှုတစ်ခုလို့ ပြောခဲ့ပါ တယ်။
ဒါ့အပြင် လာပေါ်တာက လာလီဂါ အကြီးအကဲ တီဘတ်စ်ဟာ ဘာစီလိုနာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ စွပ်စွဲခဲ့သလို၊ ရီးရယ်လ်အသင်းဟာ သမိုင်းကြောင်းအရ ဒိုင်လူကြီးတွေရဲ့ မျက်နှာသာပေးမှု အမြဲတမ်း ခံခဲ့ရတယ် ဆိုပြီး သူတို့ကို စွဲချက်တင်တဲ့အထဲ ပါဝင်တဲ့ ပြိုင်ဘက်ကြီးကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း ခံနေရတာပါ။

ယူအီးအက်ဖ်အေ အနေနဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဘာစီလိုနာအတွက် မျှတမှုရှိစေဖို့ လာပေါ်တာက တိုက် တွန်း ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လာလီဂါ ဘက်ကတော့ လာပေါ်တာရဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ တနင်္လာနေ့က ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ဒုတိယနေရာ က ရီးရယ်လ်အသင်းကို ၁၁ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: CNA