CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

ဘရာဇီးလ်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ မုဒိမ်းမှုနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန် စပိန်တရားသူကြီး တစ်ဦးက ကစားသမားရဲ့ ဒုတိယအကြိမ်မြောက် အာမခံတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဘာစီလိုနာရှိ နိုက်ကလပ်တစ်ခုရဲ့ ရေချိုးခန်းထဲမှာ အမျိုးသမီး ငယ် တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

တရားရုံးက သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဘာစီလိုနာ ကစားသမားဟောင်းဟာ ထွက်ပြေးဖို့ ကြိုးစားမယ့် အန္တရာယ်မှာရှိနေတဲ့အတွက် ထောင်ထဲမှာ ဆက်ပြီးနေရမှာ ဖြစ်ပါတယ်။

ကတ်တာလိုနီးယား တရားရုံးချုပ်က ဒန်နီအဲလ်ဗတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုက သူ့ကို စပိန်ကနေ အချိန်မရွေး ထွက်ခွာသွားခွင့် ပေးနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ်ကို တွေ့ရစဉ်

ဘရာဇီးလ် ကစားသမားဟာ ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် တောင်းဆိုမှုကို ပယ်ချခံရပြီးနောက် သူ့ရဲ့ ဥပဒေပြုအဖွဲ့က ထောင်ထဲကနေ အာမခံနဲ့ လွှတ်ပေးဖို့ ဒုတိယအကြိမ် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒန်နီအဲလ်ဗတ်စ်က သူတို့နှစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ရှိခဲ့ပေမယ့် နှစ်ဦးသဘောတူလို့ တရားသူကြီး တွေကို ထွက်ဆိုထားပါတယ်။

ဘရာဇီးလ် နောက်ခံလူဟာ ဒီအဖြစ်အပျက်ကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် သူနဲ့ စာချုပ်ရှိနေတဲ့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ဇန်နဝါရီလမှာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အသက် ၄၀ အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲ ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

အဲလ်ဗတ်စ်ဟာ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲ ပါဝင်ကစားခဲ့တာ အပါအဝင် ပွဲပေါင်း ၁၂၆ ပွဲ ကစားထားပါတယ်။

Source: CNA