CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၇

အီတလီလက်ရွေးစင်နဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္တဝင်ကစားသမား ဘိုနူချီဟာ လာမယ့်နှစ် ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောလိုက်ပါတယ်။

ဘိုနူချီက “လာမယ့်နှစ်မှာ ကစားတာကို ရပ်လိုက်တော့မှာပါ။ ဒါဟာ ခံစစ်ခေတ်ရဲ့ အဆုံးသတ် ဖြစ်လာပါလိမ့် မယ်။ အကြီးမြတ်ဆုံး သူတွေနဲ့ ရှိနေရတာက တကယ့် ဂုဏ်ယူစရာပါပဲ။ ကျနော်တို့မှာ ဘာရီဆီ၊ မာလ်ဒီနီ၊ ကင်နာဗာရိုးနဲ့ နတ်စတာတို့လို အနာဂတ်မှာ ခံစစ် ကစားသမားကောင်းတွေ အများကြီးရှိဖို့ မျှော်လင့်ပါတယ်။ ကျနော်ဟာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပြီး ပွဲတွေမှာလည်း အများကြီးပေးခဲ့ပါတယ်”လို့ ဂျူဗင်တပ်စ် အသင်းရဲ့ Youtube Channel ကို ပြောခဲ့တာပါ။

အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူဟာ လာမယ့်နှစ် အသက် ၃၇ နှစ် အရွယ်မှာ ကစားသမားဘဝကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဘိုနူချီဟာ ဂျူဗင်တပ်စ်အသင်းမှာ ဂိုးသမားဟောင်း ဘူဖွန်၊ နောက်ခံလူဟောင်းတွေဖြစ်တဲ့ ချီလီနီ၊ ဘာဇာဂလီ တို့နဲ့ ခံစစ်မှာ နှစ်ပေါင်းများစွာ အတွဲညီစွာ ကစားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအသင်းမှာ သူတစ်ဦးတည်းသာ ရှိတော့တာပါ။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အင်တာမီလန် အသင်းနဲ့ ၂၀၀၆ မှာ စတင်ခဲ့တဲ့ ဘိုနူချီနဲ့ ဂျူဗင်တပ်စ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဘိုနူချီကိုတွေ့ရစဉ်

ဘိုနူချီဟာ အေစီမီလန်အသင်းမှာ ၂၀၁၇-၁၈ ရာသီမှာ ရှိခဲ့တာကလွဲပြီး ၂၀၁၀ ကနေ လာမယ့်နှစ် ရာသီအထိ ဂျူဗင်တပ်စ်အသင်းမှာ ရှိခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်း အတွက် ဘိုနူချီဟာ ပွဲပေါင်း ၅၀၀ တိတိ ပါဝင်ကစားပေးခဲ့ပါတယ်။

ဘိုနူချီဟာ ကစားသမားဘဝမှာ စီးရီးအေဖလား ၉ ကြိမ် ရရှိထားပြီး ဘူဖွန် တစ်ဦးတည်းကသာ ၁၀ ကြိမ်နဲ့ သူ့ထက် စီးရီးအေဖလား ပိုပြီးရရှိထားတဲ့ ကစားသမားအဖြစ် ရှိခဲ့တာပါ။

ဂျူဗင်တပ်စ် ကစားသမားဟာ အီတလီ လက်ရွေးစင်အတွက် ပွဲပေါင်း ၁၂၀ ပါဝင် ကစားထားပြီး သမိုင်း တစ်လျှောက် စတုတ္တမြောက် ပွဲအရေအတွက် အများဆုံး ကစားထားတဲ့ သူလည်း ဖြစ်ခဲ့ပါတယ်။

ဘိုနူချီဟာ အင်္ဂလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Source: The Sun