CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၂

ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာမယ်လို့ အသင်းကို ပြောထားကြောင်း ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။

ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၂၂ ဂိုး သွင်းယူထားတဲ့ ဂါနာလက်ရွေးစင် ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာချင်နေပါတယ်။

ကူဒတ်စ်နဲ့ အေဂျတ်ဇ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဟာ အသင်း ကနေ ထွက်ခွာချင်နေတာကြောင့် ကလပ်အသင်းရဲ့ စာချုပ်သစ်ကို ပြီးခဲ့တဲ့လက ပယ်ချခဲ့ပါတယ်။

နယ်သာလန်ကလပ်ဟာ သူတို့ရဲ့ စာချုပ်နောက်ဆုံး ၂၄ လမပြည့်ခင် အသင်းမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေ ဖို့ ငြင်းဆန်တဲ့ ကစားသမားတွေကို ရောင်းချလေ့ ရှိပါတယ်။

ကူဒတ်စ်ကို တွေ့ရစဉ်

အေဂျတ်ဇ်အသင်းဟာ ကွင်းလယ် တိုက်စစ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် တောင်းဆိုနိုင်ပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ အပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေးက အပြောင်းအလဲရှိနိုင်ပါတယ်။

လက်ရှိအချိန်မှာ ကူဒတ်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတွေက စိတ်ဝင်စားနေတာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အေဂျတ်ဇ် အသင်းက ဒီအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းကို ၂၀၂၀ က နော့တ်စ်ဂျေးလန်း အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၈၂ ပွဲ ပါဝင်ကစားထားကာ ၂၃ ဂိုး သွင်းယူထားတာပါ။

ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းနဲ့အတူ ဒတ်ချ်အမှတ်ပေးဖလား ၂ ကြိမ်နဲ့ ဒတ်ချ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

အေဂျတ်ဇ် ကစားသမားဟာ ဂါနာလက်ရွေးစင် အသင်းအတွက်တော့ ၂၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။

Source: Goal