CNI International News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကလပ်ရဲ့ ရာသီအကုန် ကျင်းပတဲ့ ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ပါဝင် ကစားထားအပြီးမှာ ဂိုး ၃၀ သွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ရာသီတွေတုန်းက ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အခုနှစ်ရာသီမှာ ကောင်းမွန်တဲ့ ခြေစွမ်း တွေနဲ့အတူ မေလ ၂၉ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ အသင်းရဲ့ ထိပ်တန်းဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း ၆ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့တဲ့ ကာရာဘောင်း ဖလား ရယူနိုင်တာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဆာမတ် ဘတ်စ်ဘီဆုနဲ့ ကစားသမားတွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၂ ခုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၁၉၉၈ က ရိုင်ယန်ဂစ် နောက်ပိုင်း ဆာမတ်ဘတ်စ်ဘီဆုကို ရယူနိုင်တဲ့ ပထမဆုံး ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကာရာဘောင်းဖလားနဲ့အတူ တွေ့ရတဲ့ ရက်ရှ်ဖို့ဒ်

ယူနိုက်တက်အသင်းကြီးအတွက် ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်ခွင့်ရရှိတဲ့ ၂၀၁၅-၁၆ ရာသီက စတင်ပြီး အခုအချိန်ထိ ပွဲပေါင်း ၃၅၈ ပွဲ ပါဝင် ကစားထားတာမှာ ၁၂၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ဒါက အလွန်ဂုဏ်ယူစရာကောင်းတဲ့ ခံစားချက်ပါ။ အကယ်ဒမီ ကစားသမား တစ်ဦးအနေနဲ့ ဒီဆုကို ရယူနိုင်ခဲ့တာက ဂုဏ်ယူစရာပါ။ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ အားလုံးကို ကျနော် ကျေးဇူးတင် ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူတို့ရဲ့ နေ့တိုင်း တွန်းအားပေးမှု မပါဘဲနဲ့ ကျနော့်ရဲ့ အကောင်းဆုံး ပုံစံကို ခင်ဗျားတို့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေသလို နည်းပြ အဲရစ်တန်ဟတ်က ကစားသမားဟာ စာချုပ်သစ် ချုပ်ဆိုနိုင် မယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ် ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၃ ရက်မှာ မန်စီးတီးအသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail