CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရိုးမားအသင်း အရေးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို ရိုင်းစိုင်းစွာ ပြောခဲ့တဲ့ နည်းပြ မော်ရင်ဟိုကို ယူအီးအက်ဖ်အေက ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ရိုးမားအသင်းက ဆီဗီလာအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ဒီပွဲအပြီး Puskas Arena ရှိ ကားပါကင်မှာ မော်ရင်ဟိုဟာ ဒိုင်လူကြီး အန်သိုနီတေလာကို ဒေါသတကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ အဲဒီမှာ မော်ရင်ဟိုဟာ အန်သိုနီတေလာကို ဆဲဆိုပြီး အရှက်မရှိတဲ့သူလို့ တံဆိပ်ကပ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဒိုင်လူကြီးဟာ အိမ်ပြန်ဖို့အတွက် လေဆိပ်သွားတဲ့အချိန်မှာလည်း ရိုးမားပရိသတ်တွေက သူနဲ့ သူ့မိသားစု ကို ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက် ရဲအရာရှိတွေက စောင့်ကြပ်ပေးခဲ့ရတာပါ။

မော်ရင်ဟိုဟာ ယူအီးအက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံရလို့ လာမယ့်ရာသီ ယူရိုပါလိဂ်အုပ်စုအဆင့် ပွဲစဉ် ၄ ပွဲကို ကိုင်တွယ်ခွင့်ရမှာ မဟုတ်ပါဘူး။ အခု ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ ကွင်းဘေးစည်းမှာ ကြီးကြပ်တာကို ပိတ်ပင် တာလား ဒါမှမဟုတ် အားကစားကွင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အန်သိုနီတေလာဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အဝါကတ် ၁၃ ကတ်ပြသခဲ့ပြီး ဒီထဲမှာ ရိုးမားကစားသမား ၇ ဦးအထိ ပြသခံခဲ့ရကာ ဗိုလ်လုပွဲအတွက် စံချိန်တင်ဖြစ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ အန်သိုနီတေလာရဲ့ ပွဲချိန်အတွင်း ကိုင်တွယ်မှုတွေကို စိတ်ပျက်ခဲ့တာကြောင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့သလို ပွဲအပြီး ကားပါကင်မှာ လည်း ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။ မော်ရင်ဟိုဟာ အီတလီဘာသာစကားနဲ့ ထပ်မပြောခင် အင်္ဂလန်ဒိုင်လူကြီးကို အရှက်မရှိတဲ့သူလို့ နှစ်ကြိမ်တိုင်တိုင် အော်ဟစ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ရှိ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ကွင်းလယ်ဒိုင်လူကြီးအပေါ် လေဆိပ်မှာ ဆက်ဆံ ပုံတွေကို တရားမျှတမှုမရှိသလို၊ ရွံရှာဖွယ်ဖြစ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ယူအီးအက်ဖ်အေကလည်း ဒီလုပ်ရပ် တွေကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး ဒီလိုအပြုအမူတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့တာပါ။

အဲဒါကြောင့် ရိုးမားအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်အုပ်စုပွဲတစ်ပွဲမှာ အဝေးကွင်းသွားရောက်အားပေးမယ့် ပရိသတ်တွေကို လတ်မှတ်ရောင်းချခြင်း မပြုဖို့ ပိတ်ပင်ခံထားရပြီး ဒဏ်ကြေးငွေ ယူရို ၅၀,၀၀၀ လည်း ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

Source:DailyMail