CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄

နေမာဟာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ လိုင်စင်မရှိဘဲ ရီယိုဒီဂျနေးရိုးမြို့ပြင်ရှိ သူ့ရဲ့ နေအိမ်မှာ ရေကန် ဆောက်ခဲ့တဲ့အတွက် ဘရာဇီးလ် အစိုးရရှေ့နေတစ်ဦးက ဒဏ်ကြေးငွေ ဒေါ်လာ ၃.၃ သန်း ချမှတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၃ ရက်က ပြောပါတယ်။

မန်ဂါရာတီဘာရှိ မြို့တော်ကောင်စီက ကစားသမားရဲ့ နေအိမ်မှာ ရေကန်ပုံစံ တည်ဆောက်မှုဟာ သဘာဝ ပတ်ဝန်းကျင်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အရေးယူမှု ပြုလုပ်ခဲ့တာပါ။ 

နေမာဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက် ခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြစ်ရေကို လွှဲပြီး ရယူခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြေယာတွေကို ဖယ်ရှားတာနဲ့ အသီးအရွက် တွေကို ရှင်းလင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

နေမာရဲ့ အိမ်မှာ ဆောက်နေတဲ့ ရေကန်ကြီးကိုတွေ့ရစဉ်

ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒီချမှတ်ထားတဲ့ ဒဏ်ကြေးငွေအတွက် အယူခံဝင်ဖို့ ရက် ၂၀ သာ အချိန်ရပြီး ကနဦးပေးချေဖို့ သတ်မှတ်ထားတဲ့ ပမာဏက ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်က ဆိုရှယ်မီဒီယာပေါ်မှာ တိုင်ကြားမှုတွေ ပြုလုပ်ပြီးနောက် ဇိမ်ခံအိမ်ကြီးထဲမှာ အလုပ်သမား တွေက ရေကန်နဲ့ ကမ်းခြေပုံစံကို တည်ဆောက်နေပြီး သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှု အများအပြားကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဒီလိုလုပ်ဆောင်မှုကို ပိတ်ပင်ခဲ့ပြီး ဆက်ပြီးမလုပ်ဖို့ ပြောခဲ့ပေမယ့် နေမာဟာ ဒီနေရာမှာ ပါတီပွဲလုပ်ပြီး ရေကန်ထဲမှာ ရေချိုးခဲ့တယ်လို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နေမာဘက်ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာမှပြောဆိုထားခြင်းတော့ မရှိပါဘူး။ နေမာဟာ ဒီအိမ်ကြီး ကို ၂၀၁၆ က ဝယ်ယူခဲ့ပြီး စတုရန်းမီတာ ၁၀,၀၀၀ ကျယ်ဝန်းတဲ့ အဲဒီအိမ်မှာ ရဟတ်ယာဉ်၊ ရေပူစမ်းနဲ့ အားကစား ခန်းမတို့ ပါဝင်တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီး အခု နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

Source: CNA