CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း မန်နော့တီက ဒီမာရီယာကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး တောင်ပံကစားသမားဟာ အသင်းခေါင်းဆောင် မက်ဆီလို အသိအမှတ်ပြုခံရဖို့ ထိုက်တန် တယ်လို့ ပြောခဲ့ပါတယ်။

မန်နော့တီက “ဒီမာရီယာဟာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတွေလိုပဲ အသိအမှတ်ပြုခံရဖို့ ထိုက်တန်တဲ့ ကစားသမားပါ။ ကျနော်ကတော့ သူ့ကို ကမ်းပတ်စ်၊ မာရာဒိုနာ၊ မက်ဆီတို့လို အဆင့်မှာပဲ ထားပါတယ်။ ကျနော်အတွက်တော့ သူဟာသွားခဲ့တဲ့ နေရာတိုင်းမှာ အာဂျင်တီးနားဘောလုံးလောကကို တခြားဘယ်သူနဲ့ မတူအောင် ကိုယ်စားပြုတဲ့ ကစားသမားပါ။ ဘောလုံးအကြောင်းနားလည်တဲ့သူတွေက ဒီမာရီယာကို အလွန် လေးစားကြပြီး သိတဲ့သူတွေဆိုရင် အလွန်ချစ်ကြပါတယ်။ ကျနော့်အတွက်တော့ သူဟာ စံနမူနာယူစရာပါပဲ”လို့ ပြောခဲ့တာပါ။

ဒီမာရီယာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဂျင်တီးနားအသင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာမှာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာဟာ ဘရာဇီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် တစ်လုံးထဲသော အနိုင်ဂိုးသွင်းယူပေးခဲ့သလို အီတလီအသင်းနဲ့ Finalissima ပွဲမှာလည်း ဂိုးသွင်းယူပေးခဲ့တာပါ။

ဒါ့အပြင် ဒီမာရီယာဟာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာဟာ အရေးပါတဲ့ပွဲတွေမှာ အာဂျင်တီးနားအတွက် အဖိုးတန်ဂိုးတွေသွင်းယူပေးခဲ့လို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပေမယ့် ၁၉၇၈ ခုနှစ်ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ပထမဆုံးကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း မန်နော့တီက ရီးရယ်လ်ကစားသမားဟောင်းဟာ နာမည်ကျော်တွေနဲ့ တူညီတဲ့ အသိအမှတ်ပြုမှုကို ခံရသင့် တယ်လို့ ပြောခဲ့တာပါ။

ဒီမာရီယာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၀၈ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ၁၃၂ ပွဲ ပါဝင်ကစားထားကာ ၂၉ ဂိုးသွင်းယူထားပါတယ်။

Source:Goal