CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက တိုက်စစ်မှူး ဘတ်ပီကို အလွတ်နဲ့ အဆုံးရှုံးခံမှာမဟုတ်တဲ့အတွက် စာချုပ်သစ်မချုပ်ရင် အခု နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားမယ်လို့ ပြောလိုက်ပါတယ်။

အယ်လ်ခီလိုင်ဖီက “ကျနော်တို့ရဲ့ ရပ်တည်ချက်က အလွန်ရှင်းပါတယ်။ ဘတ်ပီသာ ဆက်နေချင်တယ်ဆိုရင် ကျနော်တို့လည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဖို့ လိုပါတယ်။ ကမ္ဘာ့ အကောင်းဆုံးကစားသမားတစ်ဦးကို အလွတ်နဲ့ ထွက်ခွာခွင့်မပြုနိုင်ပါဘူး။ ဒါက မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အခုတစ်ပတ်၊နှစ်ပတ်အတွင်းမှာ ဘတ်ပီအနေနဲ့ သူ့အနာဂတ်ကို ဆုံးဖြတ်ရမှာပါ။ စာချုပ်သစ်မချုပ်ဘူးဆိုရင်တော့ ရောင်းချဖို့ တံခါးဖွင့်ထားပါတယ်။ ဘယ်သူကမှ ကလပ်ထက်ပိုပြီး မကြီးမားပါဘူး။ ကျနော်လည်း အပါအဝင်ပါ။ ဒါကရှင်းပါတယ်” လို့ ပြောခဲ့တာပါ။

တိုက်စစ်မှူး ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ရှိပေမယ့် ကစားသမားက ဒါကို ရွေးချယ်မှာမဟုတ်ဘဲ စာချုပ်ကုန်ချိန်မှာ ထွက်ခွာမယ်လို့ အတည်ပြုထားတာပါ။ ဒါ့အပြင် ဘတ်ပီဟာ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိကာ စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဘတ်ပီကို အလွတ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်တဲ့ အတွက် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပြီး အဆင်မပြေရင် အခုအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက လူးဝစ်အင်းနရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာချိန်မှာ ဘတ်ပီနဲ့ ပတ်သက်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

အယ်လ်ခီလိုင်ဖီက “ကျနော်တို့ နှုတ်နဲ့ သဘောတူညီထားတဲ့အရာကို အင်တာဗျူးတစ်ခုမှာ သူက လူသိရှင်ကြား ပြောခဲ့ပါတယ်။ ဒါကြောင့် ငြင်းလို့မရပါဘူး။ သူက အလွတ်နဲ့ ထွက်ခွာဖို့ ရည်ရွယ်ထားတာကို သိလိုက်ရတော့ ကျနော်အလွန်အံ့သြမိခဲ့ပါတယ်။ ဒါက အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်” လို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို ယူရိုသန်း ၁၈၀ နဲ့ အပြီးသတ်မပြောင်းခင် ၂၀၁၇ မှာ မိုနာကိုကနေ ကနဦး အငှားနဲ့ လာရောက်ကစားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၂၆၀ ပါဝင်ကစားထားပြီး ၂၁၂ ဂိုးသွင်းယူထားကာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source:Goal