CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇

ဒေါ့မွန်အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မာကိုရူးစ်က အသင်းခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

မာကိုရူးစ်က “အားလပ်ရက်မှာ စဉ်းစားစရာတွေ အများကြီးရှိခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်ကို မဝတ်ဆင် တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းကို နည်းပြ တာဇစ်နဲ့ အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခီလ်တို့ကို မနေ့က အကြောင်းကြားခဲ့ပါတယ်။ ဒီလက်ပတ်ကို ၅ နှစ်ကြာ ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။ အသင်းအနေ နဲ့ ကောင်းမွန်တဲ့ အသင်းခေါင်းဆောင်အသစ်ကို ခန့်အပ်နိုင်ဖို့ ကျနော်ဆန္ဒပြုပါတယ်။ သူတို့အောင်မြင်မယ်ဆိုတာ သေချာပါတယ်”လို့ အသင်းရဲ့ ဆိုရှယ်မီဒီယာကနေ ကြေညာခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မာကိုရူးစ်ဟာ ရှမဲလ်ဇာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၁၈-၁၉ ရာသီအစ ကတည်းက ဒေါ့မွန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့တာပါ။ 

ဒါပေမယ့် ၅ နှစ် အကြာမှာတော့ ဂျာမနီလက်ရွေးစင် ကစားသမားဟာ အသင်းခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပြီး နောက်ထပ် ကစားသမားတစ်ဦးကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ကို တွေ့ရစဉ်

ဒေ့ါမွန်အသင်းရဲ့ သစ္စာရှိ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မာကိုရူးစ်ဟာ အသင်းရဲ့ လူငယ် စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မိုချန်ဂလာဘတ်အသင်းကနေ ဒေါ့မွန်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာပါ။ 

မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ ၁၁ နှစ်တာ ကာလအတွင်းမှာ  ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရ ပေမယ့် ပွဲပေါင်း ၃၈၇ ပွဲ ပါဝင်ကစားထားပြီး ၁၆၁ ဂိုးသွင်းယူကာ ၁၂၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။

မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းနဲ့ ဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပေမယ့် ဂျာမန်ဘွန်ဒစ်လီဂါ ဆုဖလားတော့ ရယူနိုင်ခဲ့ ခြင်း မရှိပါဘူး။ ဂျာမနီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလား ရယူနိုင်ဖို့ နီးစပ်ခဲ့ ပေမယ့် နောက်ဆုံးပွဲမှာ အသင်းနိုင်ပွဲ မရယူနိုင်ခဲ့လို့ ဆုဖလားနဲ့ ဝေးခဲ့ရတာပါ။ 

ဒေါ့မွန်နဲ့ မာကိုရူးစ်တို့ဟာ ပြီးခဲ့တဲ့ဧပြီလက တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာကြောင့် လာမယ့်ရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဒီအချိန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: The Athletic