CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ကစားသမားကတော့ မပြောင်းရွှေ့ချင်ဘဲ အသင်းမှာ တစ်ရာသီလုံး အရန်ခုံမှာထိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီပြောင်းရွှေ့ကြေးကို လက်ခံပြီး အယ်လ်ဟီလယ်အသင်းနဲ့ ဘတ်ပီကို စကားပြောဖို့ ခွင့်ပြုချက်ပေးခဲ့ပေမယ့် ပြင်သစ်ကစားသမားကတော့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားခြင်း မရှိပါဘူး။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပီအက်စ်ဂျီက သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ဘတ်ပီကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေပါတယ်။

Relevo က ဘတ်ပီဟာ အယ်လ်ဟီလယ်အသင်းမှာ ကစားမယ်ဆိုရင် ကမ္ဘာ့လုပ်ခလစာ အများဆုံးရ ကစားသမား အဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပေမယ့် ဆော်ဒီမှာ သွားရောက် ကစားလိုခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ 

 ဘတ်ပီကိုတွေ့ရစဉ်

ဘတ်ပီဟာ စာချုပ်ကုန်ဆုံးတဲ့ အချိန်ထိ ပြင်သစ်ကလပ်မှာသာ ကစားသွားဖို့ ဆန္ဒရှိနေပြီး အသင်းဘက်က သူ့ကို အသုံးမပြုရင်တောင် တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်သွားဖို့အထိ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ရောင်းချဖို့အထိ စီစဉ်နေတာကြောင့် အာရှခရီးစဉ် သွားရောက်မယ့် အသင်း လူစာရင်းမှာ ချန်လှပ်ထားခဲ့တာပါ။ 

သတင်းတွေမှာတော့ အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့နိုင် မယ့် အချက်ကို ထည့်သွင်းပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် လာမယ့်ရာသီအကုန်မှာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာနေပြီး ကစားသမားကို အသင်းက ရောင်းချဖို့ စီစဉ်ထားတဲ့ သူတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့တာပါ။ 

၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပြင်သစ်ကလပ်အတွက် ၂၁၂ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: Daily Mail