CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာက စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူချင်တယ်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောလိုက်ပါတယ်။

ဟားဘတ်ဟိုင်နာက “ကျနော်တို့ဆီမှာ နိုင်ငံတကာကြယ်ပွင့်ကစားသမားတွေ အများကြီးမရှိတော့ပါဘူး။ ဘိုင်ယန်အသင်းဟာ အမြဲတမ်းကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။ ဟာရီကိန်းဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်အသင်းခေါင်းဆောင်နဲ့ ထိပ်တန်းဂိုးသွင်းရှင်ပါ။ သူက ကျနော်တို့နဲ့ ဘွန်ဒစ်လီဂါကို ပိုကောင်းမွန်အောင်လုပ်ပေးပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။

စပါးအသင်းနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ တစ်နှစ်သာကျန်ရှိတော့ပြီး ကစားသမားဟာ ဂျာမန် ချန်ပီယံအသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဟာရီကိန်းအတွက် ပေါင်သန်း ၁၀၀ တန်ကြေးသတ်မှတ်ထားပေမယ့် အသင်းမှာ ဆက်ထိန်းသိမ်းပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတာပါ။ အဲဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုတွေဟာ ပေါင်သန်း ၆၀ နဲ့ ပေါင်သန်း ၇၀ သာရှိတဲ့အတွက် စပါးအသင်းသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးစပ်မှုမရှိတာပါ။ ဂျာမန်ကလပ်ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးထပ်တိုးပေးပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။ စပါး အသင်းပိုင်ရှင်က ဟာရီကိန်းအသင်းနဲ့ စာချုပ်သစ်မချုပ်ရင် အခု နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြော ထားပါတယ်။

ဒါ့အပြင် မကြာသေးခင်ရက်ပိုင်းက ဟာရီကိန်းရဲ့မိသားစုဟာ မြူးနစ်မြို့ကို ရောက်ရှိခဲ့ပြီး နိုင်ငံတကာ ကျောင်းတွေနဲ့ အိမ်ရှာဖွေခဲ့တဲ့သတင်းတွေကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်း ခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်မှုရှိနေတာပါ။ ဟာရီကိန်းဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စပါးအသင်းနဲ့အတူ ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါခဲ့ပြီး ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Source:DailyMail