CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆

မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်က အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး လူငယ်ကစားသမားသစ်တွေအတွက် အတွေ့အကြုံကောင်းတွေရမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

မိုက်ကယ်က “ကျနော်တို့ မြန်မာယူ-၂၃ အသင်းအနေနဲ့ အခုချိန်ထိ ကစားသမားအားလုံး ဒဏ်ရာကင်းစင်ပြီး လေ့ကျင့်မှုကောင်းကောင်း ရှိနေပါတယ်။ ဒီပြိုင်ပွဲကနေ လာမယ့် စက်တင်ဘာလ အာရှခြေစစ်ပွဲတွေနဲ့ အာရှ အားကစားပွဲတော်တို့အတွက် သာမက နောက်နှစ်ဆီးဂိမ်းစ်အတွက်ပါ ကစားသမားသစ်တွေ မြင်တွေ့ရမှာဖြစ်ပြီး သူတို့အတွက်လည်း နိုင်ငံတကာအတွေ့အကြုံတွေ ရရှိမှာပါ။ ကျနော်တို့အသင်းရဲ့ လူငယ်ကစားသမားသစ်လေး တွေအတွက် ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရယူသွားပါမယ်"လို့ မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာ ပါ။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့အုပ်စု A မှာ အိမ်ရှင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက် နေပါတယ်။ အုပ်စု B မှာ တီမော၊ မလေးရှားနဲ့ အင်ဒိုနီးရှား၊ အုပ်စု C မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ လာအိုတို့ ကျရောက်နေတာပါ။ အုပ်စုခွဲဝေမှုအရ ထိပ်ဆုံးအသင်း ၃ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ ၁ သင်းတို့က ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာအသင်းနည်းပြ မိုက်ကယ်က “ကျနော်တို့ အုပ်စုမှာ ပြီးခဲတဲ့ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ထိုင်း အသင်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်သလို တောင့်တင်းတဲ့ ကမ္ဘောဒီးယားနဲ့လည်း ဆုံတွေ့ဖို့ရှိပါတယ်။ သူတို့နဲ့ ဆီးဂိမ်းစ် ကစားခဲ့ဖူးတော့ သူတို့အသင်းကောင်း တစ်သင်းဆိုတာ သိထားပြီးသားပါ။ ဘရူနိုင်းအသင်းနဲ့ကတော့ ကျနော်တို့အတွက် ပထမဆုံး တွေ့ဆုံရတာဖြစ်လို့ တကယ်ကို စိတ်ဝင်စားစရာပါပဲ" လို့ အုပ်စုတွင်းအသင်းတွေနဲ့ ပတ်သက်ပြီးပြောခဲ့ပါတယ်။

မြန်မာ ယူ-၂၃ အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် ကူဝိတ် ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ မြန်မာယူ-၂၃ အသင်းဟာ အုပ်စုတွင်းအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ထိုင်းအသင်းနဲ့ သြဂုတ် ၁၇ ရက် Rayong Stadium မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။