CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅

အင်တာမိုင်ယာမီအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက US Open ဖလားဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ အသင်းကို အလွန်ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ US Open ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စင်စင်နာတီအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ ပွဲချိန်အတွင်း ၂ ဂိုးစီသရေကျခဲ့လို့ အချိန်ပို ဆက်ကစားခဲ့တာမှာ ၃ ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ အင်တာမိုင်ယာမီအသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရပြီး US Open ဖလားဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။

ဂန္ထဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းဟာ ဒီပွဲကို တက်ရောက်ပြီး မကြည့်ရှုနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဆိုရှယ် မီဒီယာကနေ အသင်းအောင်ပွဲကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ လိဂ်ဖလားရယူနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ အခုနှစ်ရာသီမှာ ဒုတိယမြောက်ဆုဖလားရယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းက “ပန်းရောင်တွေရဲ့နောက်ထပ်အလွန်ကောင်းမွန်တဲ့ ညပါပဲ။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အသင်းဟာ နောက်ထပ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းအတွက် အလွန်ဂုဏ်ယူပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ စင်စင်နာတီအသင်းနဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ ဂိုးပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ မက်ဆီရောက်ရှိလာပြီးကတည်းက အင်တာမိုင်ယာမီအသင်းဟာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေရရှိနေပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ဆုဖလားရယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ US Open ဖလားဗိုလ်လုပွဲအဖြစ် ဟူစတန်ဒိုင်နမိုအသင်းနဲ့ စက်တင်ဘာ ၂၇ ရက်မှာ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Source:DailyMail