CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅

စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရူဘီယာလက်စ်ဟာ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ စပိန်ကစား သမား ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အပေါ် အားလုံးရဲ့ ဝိုင်းဝန်းရှုတ်ချခြင်း ခံခဲ့ရအပြီးမှာ ရာထူးကနေ နုတ်ထွက် ခဲ့တယ်လို့ ပြည်ပမီဒီယာများက ဖော်ပြခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ ရူဘီယာလက်စ်ဟာ သြဂုတ် ၂၅ ရက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ကြောင်း တင်သွင်းသွားမှာလို့ သိရတာပါ။

ရူဘီယာလက်စ်ဟာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ကွင်းလယ်ကစားသမား ဟာမိုဆိုကို ခွင့်ပြုချက် မတောင်းခံဘဲ နှုတ်ခမ်းကို အနမ်းပေးခဲ့တာ ဖြစ်ပါတယ်။ 

ရူဘီယာလက်စ်ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြန်တောင်းပန်ခဲ့ပေမယ့် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရပါတယ်။

စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်၊ စပိန်အမျိုးသမီးလိဂ်နဲ့ အမျိုးသား လာလီဂါကလပ် အများအပြားနဲ့ အခြား သူတွေရဲ့ ဝေဖန်မှုတွေကြောင့် ရူဘီယာလက်စ်ဟာ ရာထူးက နုတ်ထွက်ဖို့အတွက် ဖိအားတွေအောက် ရောက်ခဲ့ တာ ဖြစ်ပါတယ်။

စပိန်ကစားသမားကို နမ်းနေတဲ့ ရူဘီယာလက်စ်ကိုတွေ့ရစဉ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ရူဘီယာလက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စပိန်ကြယ်ပွင့် ဟာမိုဆိုရဲ့ အဖွဲ့အစည်းကလည်း ရူဘီယာလက်စ်ကို အရေးယူဖို့ တောင်းဆိုထားတဲ့ ကြေညာချက် ကို ထုတ်ပြန်ထားပါတယ်။ 

ရူဘီယာလက်စ်ဟာ ၂၀၁၈ ခုနှစ်၊ မေလက စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ပြီးနောက်မှာ အငြင်းပွား စရာတွေ အများကြီး လုပ်ဆောင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ရူဘီယာလက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ ၂ ရက်အလိုမှာ နည်းပြ လိုပီတီဂွီကို ရာထူးက ထုတ်ပယ် ခဲ့ပြီး စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံထံ ပြောင်းရွှေ့ပြီး ကျင်းပခဲ့ပါတယ်။ 

ဒါ့အပြင် စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟာ စပိန်အမျိုးသမီးအသင်းနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ နည်းပြ ဂျော့ချ်ဗီးလ်ဒါကို ထောက်ခံမှုပေးခဲ့တယ်လို့ သိရပါတယ်။

ရူဘီယာလက်စ်ဟာ စပိန်အမျိုးသမီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် ဦးဆောင် နိုင်ခဲ့ပေမယ့် မလုပ်သင့်တဲ့ အပြုအမူတွေကြောင့် နာမည်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

Source: CNA