CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့ကာ အရာအားလုံးက သူတို့ကို ဆန့်ကျင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “စွမ်းဆောင်ရည်လည်းကောင်းသလို ကစားတာလည်းကောင်းပါတယ်။ ဒါပေမယ့် အရာ အားလုံးက  ကျနော်တို့ကို ဆန့်ကျင်နေတဲ့အတွက် ဒီပွဲကို အနိုင်မရတော့ပါဘူး။ ခင်ဗျားတို့လည်း မြင်မှာပါ၊ ဂါနာချိုရဲ့ဂိုးက လူကျွံဘောမဟုတ်ဘူးဆိုတာကို။ ဟော့ဂျ်လန်းကို ပြစ်ဒဏ်ကျူးလွန်တာလည်း ပင်နယ်တီ ပေးရမှာပါ။ သူတို့ရသွားတဲ့ဂိုးမှာဆိုလည်း ဂျွန်နီအီဗန်စ်ကို ပြစ်ဒဏ်ကျူးလွန်ပြီးမှရရှိသွားတာပါ” လို့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အာဆင်နယ်အသင်းကို နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ဂိုးတွေကြောင့် ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိုဒီဂတ် က ချေပဂိုးသွင်းပြီး ဒီကလန်ရိုက်စ်နဲ့ ဂျီးဆပ်စ်တို့က အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။

အဲရစ်တန်ဟတ်က ယူနိုက်တက်အသင်းဦးဆောင်ဂိုးဖြစ်စေနိုင်မယ့် ဂါနာချိုရဲ့ သွင်းဂိုးကို လူကျွံဘောဆိုပြီး ပယ်ချ ခဲ့တာဟာ VAR ဒိုင်လူကြီးက မှားယွင်းတဲ့ထောင့်ကနေ ကြည့်မိခဲ့တာကြောင့်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေတာပါ။

အဲရစ်တန်ဟတ်က “အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဟော့ဂျ်လန်းလည်း ကောင်းမွန် စွာ ကစားနိုင်ခဲ့သလို မာရှယ်ရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ မနှစ်ကတုန်းက လူတိုင်းကို အနိုင်ရခဲ့တယ်ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ ရပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ် ရရှိထားပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

 Source:DailyMail