CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၈ ရက်က အီကွေဒေါအသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

အာဂျင်တီးနား အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ မက်ဆီက ပြစ်ဒဏ်ဘော ကန်ချက်ကနေ တိုက်ရိုက် ကန်သွင်းယူခဲ့တာပါ။ 

ဒီဂိုးဟာ မက်ဆီအတွက် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝ ၁၇၆ ပွဲမှာ ၁၀၄ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းယူတဲ့ ၂၉ ဂိုးမြောက်လည်း ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒါကြောင့် မက်ဆီဟာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရယူပြီး ပွဲကို ကြီးစိုးနိုင်ခဲ့ကာ ဂိုးပေါက် ကန်သွင်းမှု ၁၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၄ ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်

အီကွေဒေါအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၃ ကြိမ်ရှိခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူပြီးနောက် ပွဲချိန် ၈၉ မိနစ်မှာ လူစားလဲ အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။

မက်ဆီက “ဒီခြေစစ်ပွဲတွေမှာ ကျနော်တို့ဆီကနေ ပွဲစဉ်တိုင်း ၁၀၀ ရာခိုင်နှုန်းရရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲက ကစား ရခက်ခဲတဲ့ ပွဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြိုင်တဲ့ပွဲ တစ်ပွဲပါ။ ဒါပေမယ့် ကျနော်တို့ နိုင်ပွဲရရှိခဲ့တဲ့အတွက် ပျော်ရွှင်ပါ တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်း ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ကိုလံဘီယာအသင်းက ဗင်နီဇွဲလားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပါရာဂွေးနဲ့ ပီရူးအသင်းတို့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေကျခဲ့တာ ပါ။ 

အာဂျင်တီးနားအသင်းဟာ ဒုတိယမြောက် ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၂ ရက်မှာ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

Source: AP