CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈

ယူနိုက်တက် ကစားသမားသစ် အမ်ရာဘတ်ဟာ ဒဏ်ရာကြောင့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲယှဉ်ပြိုင်မယ့် မော်ရိုကိုအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဖီအိုရင်တီးနား အသင်းကနေ ယူနိုက်တက် အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ အမ်ရာဘတ်ကို ဖီအိုရင်တီးနား အသင်းကနေ အပြီးသတ် ခေါ်ယူခွင့်ရှိနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အမ်ရာဘတ်ကို အမြန်ဆုံး အသုံးပြုနိုင်ဖို့ မျှော်လင့်နေပေမယ့် ကစားသမားဟာ ကြံ့ခိုင်မှု ပြဿနာရှိနေတာပါ။

မော်ရိုကိုအသင်းဟာ လိုက်ဘေးရီးယားနဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ၊ ဘာကီနာဖာဆိုနဲ့ ခြေစမ်းပွဲအတွက် အမ်ရာဘတ်ကို အသင်းလူစာရင်းမှာ ရွေးချယ်ထားခဲ့ပါတယ်။ 

ဒါပေမယ့် အသက် ၂၇ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အတွက် သူ့နေရာမှာ နောက်ထပ် ကစားသမားတစ်ဦးနဲ့ အစားထိုးခဲ့ရတာပါ။ 

အဲရစ်တန်ဟတ်နဲ့ အမ်ရာဘတ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ အမ်ရာဘတ်ကို ခေါ်ယူဖို့ ဆေးစစ်မှုတွေ ပြုလုပ်တဲ့အချိန် ကစားသမားမှာ ကြံ့ခိုင်မှု ပြဿနာရှိနေတာကို တွေ့ရှိခဲ့တယ်လို့ အစောပိုင်း သတင်းတွေက ဖော်ပြထားပါတယ်။ 

The Athletic က အမ်ရာဘတ်ဟာ နောက်ကျောဒဏ်ရာပြဿနာ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပြီး ယူနိုက်တက် အသင်းကတော့ ဆိုးရွားတဲ့ အခြေအနေမှာ မရှိဘူးလို့ သတ်မှတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက် ခဲ့တာပါ။ 

မော်ရိုကို ဂျာနယ်လစ် အန်နက်စ်က အမ်ရာဘတ်ရဲ့ ဒဏ်ရာဟာ မစိုးရိမ်ရဘူးလို့ ပြောထားတဲ့အတွက် စက်တင်ဘာ ၁၆ ရက်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရတော့မှာပါ။ 

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ သက်သာပြီး အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

 Source: Metro