CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈

မန်စီးတီးအသင်းနဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီက ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အိပ်မက်တွေအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ဂျော်ဂျီယာနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရိုဒရီက “ဘောလွန်းဒီအော ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အိပ်မက်တွေအမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ ဒါက ကျနော့်အတွက် အလွန်ထူးခြားပြီး အရေးပါတဲ့ ရာသီဖြစ်ခဲ့ပါတယ်။ ရခဲ့တဲ့ဆုဖလားတွေကြောင့်လည်း ကျနော်ဟာ ဒီစာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့တာပါ။ ဒီဆုနဲ့ထိုက်တန်တဲ့ ကျနော့်အသင်းဖော်တွေရှိပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက်တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ရိုဒရီဟာ ဘောလွန်းဒီအောဆုအတွက် ဆန်ကာတင်စာရင်း ၃၀ ဦးထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဘောလွန်းဒီအော ဆန်ကာတင်စာရင်း ၃၀ ဦးထဲမှာ ရိုဒရီအပါအဝင် မန်စီးတီးအသင်းက ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့အတွက် အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီနဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းတို့က ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲ ကို အောက်တိုဘာ ၃၀ ရက် ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမှာပါ။

ရိုဒရီရဲ့ စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ဂျော်ဂျီယာအသင်းနဲ့ ပွဲပြီးရင် စက်တင်ဘာ ၁၁ ရက်မှာ ဆိုက် ပရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source:Besoccer