CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁

အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ ကစားမယ့် မေဂျာလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်သလို U.S Open ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။

မာတီနိုက “ကျနော်တို့ဟာ ဆေးစစ်ချက် အစီရင်ခံစာကိုကြည့်မယ်၊ သူတို့ကိုယ်တိုင်ကလည်း ကျနော်တို့ ပြောတာ ကို ကြည့်ရပါမယ်။ သူတို့ကို စောင့်ကြည့်သွားမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ သူတို့ ပါဝင်ကစားဖို့ အခွင့်အရေး မရှိဘူးဆိုတာ သေချာပါတယ်။ ဗိုလ်လုပွဲကစားဖို့ ရှိတယ်ဆိုတာကို သိပေမယ့် သူတို့အနေနဲ့ ဒီလိုမျိုး လုပ်ဖို့ အခြေအနေ မရှိဘူးဆိုရင်တော့ သူတို့ကို ကွင်းထဲမှာ ထည့်သွင်းလို့ ရမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့ ပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ 

မက်ဆီရဲ့ ဘာစီလိုနာအသင်း ဖော်ဟောင်း အယ်လ်ဘာကလည်း ဒဏ်ရာရရှိသွားခဲ့လို့ ပွဲချိန်အစောပိုင်းမှာတင် လူစားလဲခဲ့ရတာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေကို လာမယ့် ရက်ပိုင်းအတွင်း အကဲဖြတ်သွား မှာ ဖြစ်ပေမယ့် အော်လန်ဒိုအသင်းနဲ့ပွဲမှာတော့ စွန့်စားပြီး အသုံးပြုသွားမှာ မဟုတ်ပါဘူး။

မက်ဆီကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ဟူစတန်ဒိုင်နမိုအသင်းနဲ့ U.S Open ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့မှ အသုံးပြုဖို့ ရှိ၊ မရှိ ဆုံးဖြတ် သွားမယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို ရောက်ရှိလာပြီးကတည်းက အကောင်းဆုံး ခြေစွမ်းပြသနေတာဖြစ်ပြီး ၁၂ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းယူကာ လိဂ်ဖလား ရယူပေးထားနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ကို စောစီးစွာ လူစားလဲခဲ့ပေမယ့် တိုရွန်တိုအသင်းကို ၄ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပလေးအော့ဖ် ဝင်ခွင့်နေရာမှာရှိတဲ့ အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source: Goal