CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ဂိုးပြတ်အရေးနိမ့် ခဲ့ပေမယ့် နည်းပြ လူးဝစ်အင်းနရစ်က သူတို့ဟာ ဒီလိုဂိုးပြတ် အရေးနိမ့်ဖို့ မထိုက်တန်ဘူးလို့ ပြောလိုက်ပါတယ်။

လူးဝစ်အင်းနရစ်က “ဒါက နည်းပြတစ်ဦးအတွက် ခက်ခဲတဲ့ပွဲပါ။ အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကိုတော့ ဂုဏ်ပြုချင် ပါတယ်။ သူတို့ရဲ့ ဘောလုံးကစားပုံက အလွန်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါကို လက်ခံဖို့ ခက်ခဲပါတယ်။ အမှားတွေလုပ်မိခဲ့မယ်ဆိုရင်တော့ ဒီအတွက်ပြန်ပြီး ပေးဆပ်ရမှာပါပဲ။ ဒီပွဲရဲ့ ဂိုးရလဒ်က အလွန် များခဲ့ပြီး ဒီရလဒ်က သူတို့အတွက် ကြီးမားပါတယ်။ ကျနော်တို့ဟာ ဒီရလဒ်နဲ့ မထိုက်တန်ဘူးလို့ ထင်ကြောင်း”Canal+ ကို ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းအတွက် ဂိုးတွေ ကို အယ်လ်မီရွန်၊ ဒန်ဘန်း၊ လောင်းစတပ်နဲ့ ဖာဘီယန်ရှားတို့က သွင်းယူခဲ့ကာ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး ကို လူးကပ်စ်ဟာနန်ဒက်ဇ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

 

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်ကိုတွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်း ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ လူးကပ်စ်ဟာနန်ဒက်စ်ကတော့ နယူးကာဆယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

လူးကပ်စ်ဟာနန်ဒက်ဇ်က “ဒါတွေက နည်းပြရဲ့ ရွေးချယ်မှုပါ။ သူတို့ရဲ့ ခံစစ်ပိုင်းကို အခက်တွေ့အောင် ကျနော်တို့ ကြိုးစားခဲ့ပေမယ့် ဒါက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီပွဲက လွယ်ကူမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲကြီးပါ။ အရှိန်အဟုန်နဲ့ ရုပ်ပိုင်းဆိုင်ရာ မရှိဘူးဆိုရင်တော့ ဒီလိုမျိုးရလဒ်တွေနဲ့ပဲ ခင်ဗျားတို့ အဆုံးသတ်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ လူးဝစ် အင်းနရစ်ဟာ ဖိအားတွေနဲ့ စတင်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၉ ရက်မှာ ပြင်သစ်လီဂူးဝမ်းပွဲစဉ်အဖြစ် ရန်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro