CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

စပိန်အစိုးရရှေ့နေတစ်ဦးဟာ ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း အဲလ်ဗတ်စ်ကို ထောင်ဒဏ် ၉ နှစ်ချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၄၀ နှစ်အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ စပိန်မှာ အမှု ရင်ဆိုင်နေရပါတယ်။

အဲလ်ဗတ်စ်ဟာ ဘာစီလိုနာမြို့ရှိ နိုက်ကလပ်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဇန်နဝါရီလကတည်းက အာမခံမရရှိဘဲ ထောင်ထဲမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။ 

အဲလ်ဗတ်စ်ဟာ အစောပိုင်းက လိင်ဆက်ဆံခဲ့တာကို ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဦးသဘောတူ လိင် ဆက်ဆံခဲ့တာလို့ ပြောခဲ့ပါတယ်။

စပိန်အစိုးရရှေ့နေကတော့ အဲလ်ဗတ်စ်ကို ထောင်ဒဏ်အပြင် အမျိုးသမီးကိုလည်း နစ်နာကြေး ယူရို ၁၅၀,၀၀၀ ပေးဆောင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

အဲလ်ဗတ်စ်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ သြဂုတ်လက ဘာစီလိုနာမြို့ အနီးနားမှာရှိတဲ့ တရားရုံးတစ်ရုံးက အဲလ်ဗတ်စ်ကို တရားဝင် စွဲချက်တင် ခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထားတွေရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒါပေမယ့် ရုံးတင်စစ်ဆေးမယ့် ရက်ကိုတော့ အခုထိ သတ်မှတ်ရခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ အဲလ်ဗတ်စ်ဟာ ဖမ်းဆီးခံခဲ့ရ ပြီးနောက် မက္ကဆီကိုကလပ် UNAM ကလည်း သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အဲလ်ဗတ်စ်အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။ 

အဲလ်ဗတ်စ်ဟာ ကစားသမားဘဝမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဆီဗီလာ စတဲ့ ထိပ်တန်း အသင်းကြီး တွေမှာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ဘရာဇီးလ်အသင်းနဲ့လည်း ကိုပါအမေရိက ဖလား၊ ကွန်ဖက်ဒရေးရှင်းဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။