CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ယူနိုက်တက်အသင်းရဲ့ နည်းစနစ်ဗျူဟာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ လီဗာပူးလ် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ယူနိုက်တက်အသင်းဂန္ထဝင် ရွိုင်ကိန်းက သူဟာ စိတ်ကြီးဝင်နေပြီး လေးစားမှုမရှိတဲ့သူလို့ ပြစ်တင်လိုက်ပါတယ်။

ရွိုင်ကိန်းက “သူဟာ ယူနိုက်တက်ကို လေးစားမှုမရှိသလို စိတ်ကြီးဝင်နေတဲ့ စကားတွေ ထွက်ပေါ်လာပါတယ်။ တစ်ခါတစ်ရံမှာ ကစားသမားတွေအနေနဲ့ သတိပေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ သူကစားနေတဲ့ လီဗာပူးလ်က နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ သူတို့ရုန်းကန်နေရတဲ့ အချိန်မှာလည်း ကျနော် တို့ လီဗာပူးလ်အသင်းနဲ့ အကြိမ်ပေါင်းများစွာ ကစားခဲ့တာပါ။ ယူနိုက်တက်အသင်းက ဖိအားတွေ အောက်ရောက် နေတဲ့ အသင်းဖြစ်ပြီး လီဗာပူးလ်က အခွင့်အရေးတွေအများကြီး ရခဲ့ပေမယ့် သူတို့ ဂိုးမရယူနိုင်ခဲ့တာပါ”လို့ ပြောခဲ့ ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းက ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းကတော့ တစ်ပွဲလုံး ခံစစ်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ 

ရွိုင်ကိန်းနဲ့ဗန်ဒိုက်ကိုတွေ့ရစဉ်

အဲ့ဒါကြောင့် ဗန်ဒိုက်က ဒီပွဲမှာ အနိုင်ရလဒ်ရယူနိုင်ဖို့ ကြိုးစားတဲ့အသင်းက တစ်သင်းပဲရှိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်က “ကျနော်တို့ရဲ့ ကစားပုံ၊ ဘောလုံးအများစု ပိုင်ဆိုင်ထားတာနဲ့ ဒီပွဲကို အနိုင်ရဖို့ ကြိုးစားတဲ့အသင်းက တစ်သင်းပဲရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ အနိုင်မရယူနိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ နေရာစုံမှာ အသာရခဲ့ တာပါ။ သူတို့ကတော့ သရေတစ်မှတ်ရလို့ ပျော်နေပြီး ကျနော်တို့ကတော့ စိတ်ပျက်နေပါတယ်”လို့ ပြောခဲ့ပါ တယ်။

ယူနိုက်တက်အသင်းကတော့ ဒီရာသီ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို အရေးမနိမ့်တဲ့ ပထမဆုံးအသင်းနဲ့ ဒီရာသီ လီဗာပူးလ်အသင်းရဲ့ ဂိုးသွင်းမှုကို ရပ်တန့်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်က သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို ရောက်ရှိသွားခဲ့ပြီး ယူနိုက်တက်အသင်းက အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။

လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Daily Mail