CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

မန်စီးတီးအသင်းကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအတွက်သာ အာရုံစိုက်နေတယ်လို့ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့ချိတ်ဆက်ခံရမှုတွေအပေါ် တုန့်ပြန်ခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ဆော်ဒီလိဂ်ရဲ့ တိုးတက်မှုက ကြီးမားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ရှိနေတဲ့ အတွက် ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ကြားခဲ့ရပါတယ်။ အနာဂတ် ဆော်ဒီကိုလာဖို့လားဆိုရင်တော့ လက်ရှိ အချိန်မှာ မန်စီးတီးအသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်။ ကျနော့်အမြင်မှာတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ဥရောပမှာ ဘောလုံးကစားရတာ အလွန်ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့တာပါ။

ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီကို ရောက်ရှိနေတဲ့ အချိန်မှာ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ အပြင်းအထန်ချိတ်ဆက်ခံခဲ့ရသလို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စိတ်ဝင်စားမှုတွေလည်း ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံးရယူ နိုင်ခဲ့တာမှာ အဓိကကျတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ၃၂၅ ပွဲပါဝင်ကစားထားပြီး ၅၉ ဂိုးသွင်း ယူထားပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ကာရာဘောင်းဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal