CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆

ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပေမယ့် IFFHS က ထုတ်ပြန်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ထဲမှာ ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းအတွက် ၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၅၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီလိုစွမ်းဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံတကာဘောလုံးသမိုင်းကြောင်းနဲ့ အချက်အလက်အဖွဲ့အစည်း(IFFHS) ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့အတွက် မလုံလောက်ခဲ့ ပါဘူး။ 

ဒီအဖွဲ့အစည်းဟာ ရော်နယ်ဒိုအစား ရှေ့တန်းမှာ ဟာလန်း၊ ဘတ်ပီနဲ့ ဟာရီကိန်းတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဟာလန်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဂိုး ၅၀ သွင်းပြီး မန်စီးတီးအသင်းကို ဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။ 

ဘတ်ပီနဲ့ ဟာရီကိန်းတို့ကလည်း ၂၀၂၃ ခုနှစ်ထဲမှာ ၅၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ မကြာသေးခင်က IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာ ချန်လှပ်ခံ ခဲ့ရလို့ ရယ်မောတဲ့ အီမိုဂျီနဲ့ တုန့်ပြန်ခဲ့သေးတာပါ။

ရော်နယ်ဒိုရဲ့ အဓိကပြိုင်ဘက်ကြီး မက်ဆီကတော့ IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ကွင်းလယ် ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မက်ဆီဟာ မန်စီးတီးအသင်းက ဒီဘရိုင်း၊ ရိုဒရီ၊ ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်တို့နဲ့အတူ ကွင်းလယ်မှာ ရွေးချယ်ခံခဲ့ရတာပါ။ 

နောက်တန်းမှာတော့ မန်စီးတီးအသင်းက ရူဘင်ဒီယက်ဇ်၊ ဘိုင်ယန်မြူးနစ်အသင်းက ကင်မင်ဂျေးနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ ရွေးချယ်ခံခဲ့ရပြီး ဂိုးသမားနေရာမှာ မန်စီးတီးအသင်းက အီဒါဆန် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဆုဖလား ၅ လုံးအထိ ရယူနိုင်ခဲ့တာကြောင့် IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ကစားသမား ၅ ဦးအထိ ရွေးချယ်ခံခဲ့ရပါတယ်။

Source: Daily Mail