CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈

အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရပေမယ့် နည်းပြ အာတီတာက အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ လက်တွေ့မကျဘူးလို့ ပြောလိုက်ပါတယ်။

အာတီတာက “တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့က အခုအချိန်မှာ လက်တွေ့မကျပါဘူး။ ကျနော့်ရဲ့ အလုပ်က ကျနော် တို့မှာရှိနေတဲ့ ကစားသမားတွေကို မြှင့်တင်အောင်လုပ်ပေးဖို့ပါ။ ကျနော်တို့ဟာ အနားယူဖို့ လိုအပ်နေပြီး အနား ရတာက ကောင်းပါတယ်။ အချိန်ကောင်းတစ်ခုရောက်လာမှာပါ” လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ FA ဖလားတတိယအဆင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးအများအပြား ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၆၃ ကြိမ်အထိရှိခဲ့ပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ တွန်းအားပေးမှုတွေ ခံနေရတာပါ။

အာဆင်နယ်အသင်းဟာ ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးကို အဓိကပစ်မှတ်အဖြစ် ချိတ်ဆက် နေပေမယ့် ဘရန်ဖိုဒ့်အသင်းဟာ သူတို့တိုက်စစ်မှူးကိုခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေးအများအပြားနဲ့ ကမ်းလှမ်းမှ ရမယ်လို့ပြောထားတာပါ။ အဲဒါကြောင့်လည်း အာတီတာက အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်း ကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရတဲ့အထိ ရလဒ်တွေပြန်ပြီး ဆိုးလာခဲ့တာ ပါ။

အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒူဘိုင်းကိုသွားရောက်မယ့် ရာသီလယ်လေ့ကျင့်ရေးစခန်းမှာ အသင်းဖော်တွေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့ နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့မရှိဘဲ အနားရထားပြီး ဇန်နဝါရီ ၂၀ ရက်မှ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားထားအပြီးမှာ ရမှတ် ၄၀ နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:ESPN