CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ နည်းပြဟောင်း ဂွာဒီယိုလာကို အသင်းရဲ့နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာကြောင့် စပိန်ကလပ်ဟာ နွေရာသီမှာ နည်းပြသစ်တစ်ဦးကို ခန့်အပ်ရတော့မှာပါ။ 

အဲဒါကြောင့် ဇာဗီရဲ့ နေရာ အစားထိုးဝင်ရောက်ပြီး ဘာစီလိုနာအသင်း နည်းပြသစ်ဖြစ်လာဖို့ ဘာစီလိုနာ(ဘီ) အသင်းနည်းပြ မားကွက်ဇ်၊ ဘိုလော့ဂ်နာအသင်းနည်းပြ သီယာဂိုမော့တာနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့ အပါအဝင် နည်းပြအချို့ဟာ ချိတ်ဆက်မှုတွေ ခံနေရပါတယ်။

အာတီတာကတော့ ဘာစီလိုနာအသင်း နည်းပြအဖြစ် ဇာဗီနေရာမှာ ဆက်ခံမယ့် သတင်းတွေကို ငြင်းဆန်ထားပြီး အာဆင်နယ်အသင်းမှာသာ ဆက်ရှိမယ်လို့ တုန့်ပြန်ထားတာပါ။ 

ဒီအချိန်မှာ El Chiringuito TV က ဘာစီလိုနာအသင်း အကြီးအကဲ လာပေါ်တာက ဂွာဒီယိုလာကို နည်းပြအဖြစ် ပြန်ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လာပေါ်တာအနေနဲ့ ဂွာဒီယိုလာကို ပြန်ခန့်အပ်နိုင်ဖို့အတွက် မန်စီးတီးအသင်းကနေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းရမှာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်

အသက် ၅၃ နှစ်အရွယ်ရှိ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ကစားသမားအဖြစ် ၁၉၈၄ ကနေ ၂၀၀၁ ခုနှစ် အထိ ကစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဂွာဒီယိုလာဟာ အစောပိုင်းက ဘာစီလိုနာ(ဘီ)အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အသင်းကြီးကို စတင် ကိုင်တွယ်ခဲ့ကာ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့တာပါ။

ဂွာဒီယိုလာ လက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူပေးနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့ အခုလက်ရှိ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ကာ ဒီအသင်းတွေမှာလည်း အောင်မြင်မှု ရယူနိုင်ခဲ့တာပါ။

ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် စပိန် လူမျိုး နည်းပြကတော့ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်း တိုးချင်နေတယ်လို့ မကြာသေးခင်က ပြောထား ပါတယ်။ 

Source: Sportsmole