CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ပရီးမီးယားလိဂ်ဟာ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူမှုကို အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ခိုင်နှုန်းကို ပေါင် ၁.၀၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ခွင့်ပြုချက်ပေးမှုကို စောင့်ဆိုင်းနေရဆဲဖြစ်တာပါ။ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကတော့ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာအများစုကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပေမယ့် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ လည်ပတ်မှုတွေကို ထိန်းချုပ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဗြိတိန်ဘီလျံနာရဲ့ INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာဝယ်ယူမှုကို ပြီးခဲ့တဲ့ ခရစ္စမတ်အကြိုမှာ ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အိုးထရက်ဖိုဒ့်အားကစားကွင်းရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင် ၂၃၆ သန်းထပ်ပြီးပေးချေရမယ့် အချက်ပါဝင်နေတာပါ။ ဆာဂျင်ရက်ကလစ်ဖ်ဟာ သူ့ရဲ့ဝယ်ယူမှုကို အပြီး သတ်သဘောတူညီမှုရယူနိုင်ဖို့ စောင့်ဆိုင်းနေချိန်အတွင်းမှာ အိုးထရက်ဖိုဒ့်နဲ့ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းကို အကြိမ်ကြိမ်သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ် ခဲ့သေးတာပါ။ ဗြိတိန်ဘီလျံနာဟာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကနေ နောက်ပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာအားလုံးဝယ်ယူပြီး အသင်းကို အလုံးစုံထိန်းချုပ်နိုင်ဖို့အထိ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာပါ။

ဒီရာသီအစပိုင်းမှာ ရလဒ်တွေဆိုးနေခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ရှုံးပွဲမရှိ နိုင်ပွဲဆက်နေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:BBC